နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်မူးယစ်ဆေးဝါးစစ်ပွဲတွင် လူထောင်ချီ အသတ်ခံရသော်လည်း ကျူးလွန်သူများ အရေးယူခံရခြင်းမရှိ

ဇွန် ၅ မနီလာ


၂၀၁၆ ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးစစ်ပွဲတွင် လူထောင်ချီ အသတ်ခံခဲ့ရသော်လည်း ကျူးလွန်သူများမှာ အရေးယူမခံရသလောက်နီးပါးဖြစ်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာတွင် သမ္မတဒူတာတေး၏ ဖိလစ်ပိုင်အစိုးရအဖွဲ့ကို ပြင်းပြင်း ထန်ထန် ဝေဖန်ထားသည်။ ဒူတာတေးက မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းတွင် ''လိုအပ်ရင် လူသတ်ခွင့်ရှိတယ်''ဆိုသည့် စကားမျိုး ပြောခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး အဆိုပါဖြစ်ရပ်အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းထားသည်။


ဖိလစ်ပိုင်အစိုးရက ယင်းတို့၏မူဝါဒအပေါ် ဝေဖန်မှုအားလုံးကို ပယ်ချခဲ့ပြီး တရားမဝင် လူသတ်ခဲ့သည်ဆိုသော စွဲချက်များကိုလည်း ငြင်းဆန်ခဲ့ဖူးသည်။ ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်သမ္မတအဖြစ် ဒူတာတေး စတင် တာဝန်ယူခဲ့ပြီးနောက်ပိုင်း မူးယစ်ဆေးဝါးစစ်ပွဲတွင် လူ ၈၀၀၀ ကျော် အသတ်ခံရသည်ဟု တရားဝင် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ သို့သော် အမှန်တကယ် အသတ်ခံရသူပမာဏမှာ သုံးဆပိုများသည်ဟု အခြားခန့်မှန်းမှုများတွင် ဖော်ပြသည်။ အသတ်ခံရသူအများစုမှာ မြို့ပြတွင်နေထိုင်သည့် ဆင်းရဲသားလူငယ်များဖြစ်သည်။ ရှာဖွေရေးဝရမ်းနှင့် ဖမ်းဆီးမိန့်မလိုဘဲ စီးနင်းရှာဖွေခွင့်ရထားသည့် ရဲတပ်ဖွဲ့က သံသယရှိသူများကို အတင်းအကျပ် ဖြောင့်ချက်ပေးခိုင်းပြီး ဖြောင့်ချက်မပေးပါက အသက် ဆုံးရှုံးသည်အထိ အင်အားသုံးလေ့ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။                               


(KNT)






အခြားဆက်စပ်သတင်းများ