မြန်မာနိုင်ငံသည် မိရိုးဖလာ လက်မှုလယ်ယာလုပ်ငန်းမှ စက်မှုလယ်ယာလုပ်ငန်းသို့ ကူးပြောင်းလျက်ရှိရာ စက်မှုလယ်ယာ စနစ်၏ အခြေခံပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်သည့်နိုင်ငံဖြစ်၏။ ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုး လာကြသည်။ အထူးသဖြင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးနည်းပညာ ဖြန့်ဖြူးပေးခြင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးထုတ်ကုန်တစ်မျိုးသည် အဓိကအားဖြင့် အထွက်နှုန်းကောင်းရမည်။ စားသုံးမှုအရည်အသွေး ကောင်းရ မည်။ ဈေးကွက်ဝယ်လိုအားကောင်းရမည်။ တစ်နည်းအားဖြင့် အထွက်နှုန်းကောင်းပြီး၊ အနံ့အရသာနှင့် ပြည့်စုံသော သီးနှံ မျိုးကောင်းမျိုးသန့်များ ဖြစ်ရမည့်အပြင်၊ ဘေးကင်းသော အစားအစာများ ထုတ်လုပ်ရေးကို သုတေသနပြုရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးအတွက်၊ အလေးထား ဆောင်ရွက်နေသည်။ ထို့ကြောင့်လည်း တောင်သူလယ်သမားတို့ ၏ လူမှုစီးပွားဘဝသည် ပိုမိုကောင်းမွန်သော အလှည့်အပြောင်းကို ကူးပြောင်းရောက်ရှိလာပြီ ဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ရင်းနှီးငွေချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်း လာနေပြီဖြစ်သည်။
လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချ လျက်ရှိရာ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ပြီး လုပ်ငန်း တွင်ကျယ်ကာ စိုက်စရိတ်နှင့် လုပ်အားခလည်း သက်သာလာ ပေသည်။
ရာသီလည်းမီ၊ အလုပ်လည်းတွင်၊ အလေအလွင့်နည်း၊ လုပ်သားရှာလည်း ပူစရာမလို၊ အရင်းအတွက် ပူစရာမရှိအောင် တောင်သူများ၏ လိုအပ်ချက်ဖြစ်သည့် လယ်ယာသုံး၊ လုပ်ငန်းသုံး စက်ကိရိယာများကို ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ က ရောင်းချပေးလျက်ရှိသည်။
ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဆင့်မြင့်မားစွာလုပ်ကိုင်နိုင်ရေး ဖြစ်သည်။ တောင်သူလယ်သမားများအနေဖြင့် စက်မှုလယ်ယာ စနစ်ဖြင့် ရေကောင်း၊ မြေကောင်း၊ အခြေခံကောင်းများကို လက်လွတ်မခံ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်စေချင်ကြောင်း။ ။