နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၅၆ လိုင်းမှ ယာဉ်အစီးရေ ၁၀ဝ၀ ကျော်ဖြင့် ပြေးဆွဲမည်

ရန်ကုန် ဧပြီ ၃ သင်္ကြန်ကာလအတွင်း မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်းပေါင်း ၅၆ လိုင်းမှ ယာဉ်အစီးရေ ၁၀၇၉ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။ သင်္ကြန်ကာလမတိုင်ခင်အထိ YBS ယာဉ်လိုင်းများကို ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကာ သင်္ကြန်ကာလ အတွင်း ယာဉ်များ ကြံ့ခိုင်မှုရှိ‌စေရန် ပြုပြင်ခြင်း၊ ယာဉ်လုပ်သားများ အနားယူခြင်းတို့ကြောင့် ဧပြီလ ၁၂ ရက်တွင် ယာဉ်လိုင်းပေါင်း ၅၆ လိုင်းမှ ယာဉ်အစီးရေ ၁၃၄၅စီး ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ လ ၁၃ ရက်မှ ဧပြီလ ၁၆ ရက်အထိ ယာဉ်လိုင်းပေါင်း ၅၆ လိုင်းမှ ယာဉ်စီးရေ ၁၀၇၉ စီးဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ "မနှစ်က သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ ယာဉ်လိုင်း ၇၃ လိုင်းဆိုပေမယ့် ယာဉ်အစီးရေ ၉၇၃ စီးပဲ ပြေးဆွဲနိုင်ပါတယ်။ ဒီနှစ်မှာ ယာဉ်လိုင်း ၅၆ လိုင်းမှ ယာဉ်အစီးရေ ၁၀၇၉ စီးထိ ပြေးဆွဲဖို့ လျာထားပါတယ်။ သို့သော် သင်္ကြန်ပွဲများမရှိတော့ခြင်း၊ ပြည်သူလူထုကလည်း သွားလာမှုကို ထိန်းသိမ်းခြင်းများ‌ကြောင့် ကျွန်တော်တို့က ခရီးသွားလာမှု မှန်ကန်အောင်၊ ယာဉ်တွေဘက်မှာလည်း မလိုအပ်ဘဲနဲ့ ကုန်ကျစရိတ်တွေ မဖြစ်အောင် YRTA နဲ့ ယာဉ်လိုင်းတွေ ချိန်ညှိပြီးတော့ ပြေးဆွဲပါမယ်" ဟု YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပိုမိုတောင်းခံခြင်းကို ယခုလည်း ခွင့်ပြုခြင်းမရှိသလို သင်္ကြန်ကာလ အတွင်း၌လည်း ခွင့်ပြုသွားမည်မဟုတ်ဘဲ သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုတောင်းခံပါက ပြစ်မှုကျူးလွန်မှု အပေါ် မူတည်၍ ဒဏ်ကြေးသတ်မှတ်ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းဖြင့် ထိရောက်စွာ စိစစ်အရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း Complain Center ကို တိုင်ကြားသည့် တိုင်ကြားမှု ၃၂ မှု ခန့်ကိုလည်း အရေးယူဆောင်ရွက်ဖြေရှင်းပေးခဲ့ပြီး ၂၀၂၀ သင်္ကြန်ကာလတွင်လည်း ပြည်သူလူထုအပေါ်၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ပါက YRTA သို့ တိုင်ကြားနိုင်‌ကြောင်း သိရသည်။ YBS ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားလိုသည်ဖြစ်‌စေ၊ အကြံဉာဏ်ပေးလိုသည်ဖြစ်စေ ဖုန်းနံပါတ်-ဝ၉၄၄၈၁၄၇၁၄၉၊ ဝ၉၄၄၈၁၄၇၁၅၃၊ဝ၉ ၄၄၈၁၄၇၁၅၄ တို့ကို ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။ (မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ