မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါ ကြောင့် သေဆုံးမှုသည် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ သန်း အထိ တိုးပွားလာမည်ဟု ခန့်မှန်းထားကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘာတစ်ဝန်း၌ အသေအပျောက် အများဆုံးဖြစ်ပွားစေသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့်၊ ကင်ဆာရောဂါ၏ ရာခိုင်နှုန်း ၇၀ သည် ဝင်ငွေနိမ့်ကျသော နိုင်ငံများနှင့် အလယ် အလတ်ရှိ နိုင်ငံများတွင်ဖြစ်ပွားကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းမှာ လူဦးရေ ၁၀ သန်းခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာရောဂါ ကြောင့် သေဆုံးသူဦးရေမှာ သုံးသန်းကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုအထဲတွင် နှစ်စဉ်သေဆုံးသူ ၂ ဒသမ ၉ သန်းသည် အမျိုးသမီး မီးယပ်ကင်ဆာ ရောဂါဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရင်သားကင်ဆာသည် အဖြစ် အများဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာသည် ဒုတိယအများဆုံး ဖြစ်သည် ဆို၏။
အချို့ကင်ဆာရောဂါများသည် ကာကွယ်၍ မရသော်လည်း စောစောသိလျှင် ကုသ၍ ပျောက်ကင်းနိုင်သည်။ သားအိမ်ခေါင်း ကင်ဆာသည် ကာကွယ်ကုသ၍ရသော ကင်ဆာဟုသိရှိရပြီး ကာကွယ်သည့်နည်းလမ်းများကို လိုက်နာကြရန်လိုအပ်သည်။
ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများအနက် အစား အသောက်ကြောင့် ဖြစ်ပွားနှုန်း ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာ တွင် ရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ရာခိုင်နှုန်း ၃၀၊ ဗိုင်းရပ်စ်ပိုးများကြောင့် ရာခိုင်နှုန်း ၁၀၊ လိင်ဆက်ဆံမှုများ ကြောင့် ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကင်ဆာရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လာပြီး ကင်ဆာရောဂါကြောင့် လူတစ်ဦးချင်းသာမက ပြည်သူ လူထုတစ်ရပ်လုံး၏ လူသားအရင်းအနှီးဆုံးရှုံးမှုများ၊ လုပ်အား ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
အမျိုးသမီး မီးယပ်ကင်ဆာရောဂါကာကွယ်ရေးလှုပ်ရှားမှု များကို ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုသို့ အသိပညာ ပေးခြင်း၊ ရောဂါရှာဖွေခြင်းများဖြင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် ဆောင်ရွက်လျက်ရှိသည်။
ရင်သားကင်ဆာသည် အသက် ၄၀ မှ ၄၉ နှစ်အတွင်း အမျိုးသမီးများတွင် ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း၊ အရွယ် ရောက်ပြီးသူ အမျိုးသမီးတိုင်း အသက် ၅၀ အရွယ်အထိ နှစ်နှစ် တစ်ကြိမ်၊ ရင်သားကင်ဆာစစ်ဆေးမှု ပြုလုပ်သင့်ကြောင်းနှင့် အသက် ၅၀ မှ ၇၅ နှစ်အတွင်း နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် စစ်ဆေးသင့်ကြောင်း သုတေသနပညာရှင်များ အသိပေးထား သည်။
ကင်ဆာရောဂါအမျိုးမျိုး ရှာဖွေကုသရေးလုပ်ငန်းများကို ပြည်သူလူထုအခြေပြု ဆောင်ရွက်ခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွား နှုန်း ကျဆင်းရေးကို အထောက်အပံ့ဖြစ်စေရန် ပူးပေါင်းပါဝင်ကြ ရေးအတွက် တိုက်တွန်းအပ်ပေသည်။ ။