အကြမ်းဖက်စေခိုင်းမှုသည် ကျေးကျွန်စနစ်တစ်မျိုးဖြစ်သည်။ ယင်းသည် မျက်မှောက်ကာလတွင် မရှိအပ်သောစနစ်ဖြစ်သည်။ ယနေ့ခေတ်သည် ကျေး၊ ကျွန်ခေတ်မဟုတ်သော်လည်း ကျေးကျွန် ကဲ့သို့ ပြုမူဆက်ဆံကာ အကြမ်းဖက်စေခိုင်းမှုများ ရှိနေသည်ကို တွေ့နေရသည်။
ယင်းတို့မှာ အိမ်ဖော်ကဲ့သို့ အလုပ်၊ လူ့ခန္ဓာကိုယ်နှင့် ရင်းနှီးရ သောအလုပ်များ၊ ကလေးလုပ်သားများဖြစ်ကြသည်။ ထိုအလုပ် အကိုင်များမှာ နိုင်ငံတိုင်းတွင်ရှိနေဆဲဖြစ်သည်။ ယနေ့ကာလတွင် အတင်းအဓမ္မအကြမ်းဖက်ခိုင်းစေသည့်အမှုကို တွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ပင်ဖြစ်သည်။
အချို့သော သွယ်ဝိုင်စေခိုင်းမှုမျိုးများဖြစ်သည့် သာမန်အဖိုးစား နားပေးပြီး၊ အတင်းအဓမ္မစေခိုင်းမှုများ၊ အလွန်အကျွံစေခိုင်းမှုများ လည်းရှိနေသည်ကို တွေ့ရသည်။ လူ့အဖွဲ့အစည်းတွင် မိမိလုပ်ငန်း အကျိုးစီးပွားအတွက် အလုပ်စေခိုင်းမှုများဖြစ်သော်လည်း တည်ဆဲ အလုပ်သမားဥပဒေနှင့်အညီ အလုပ်သမားအကျိုးခံစားခွင့်များ ထိခိုက်နစ်နာမှုမရှိစေရေး အလုပ်ရှင်တိုင်းက သတိပြုကြရပေမည်။
အလုပ်ခိုင်းစေရာတွင် အကျိုးခံစားခွင့်များများရမည်ဟု မက်လုံး အမျိုးမျိုးပေးကာ လက်တွေ့တွင် အကျိုးခံစားခွင့် ထိုက်တန်စွာ မပေးဘဲ တင်းကျပ်စွာခိုင်းစေပြီး မပြောင်းနိုင်၊ မရွှေ့နိုင်အောင်ပြုလုပ် ထားခြင်းသည် အဓမ္မခိုင်းစေမှုပင်ဖြစ်သည်။
တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ်နှစ်သန်းကျော် မှာ အတင်းအဓမ္မခိုင်းစေခံနေကြရသည့် အလုပ်များထဲတွင် ကျင်လည် နေကြရသည်ဟု နိုင်ငံတကာအလုပ်အကိုင်အခြေအနေသုံးသပ်ချက် အရ သိရသည်။
ကမ္ဘာ့လူဦးရေ၏ စုစုပေါင်း ၁၈ ရာခိုင်နှုန်းတွင် အလုပ်လုပ်နိုင် သည့် လူငယ်လူရွယ်တစ်ဘီလီယံခန့်ရှိပြီး၊ ဒေသတွင်း နိုင်ငံများ၌ လူ့အဖွဲ့အစည်းများအကြား စီးပွားရေး၊ လူမှုရေး၊ နည်းပညာကွာဟမှု များနှင့်မတူကွဲပြားမှုများ၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှု၊ ရွှေ့ပြောင်းနေထိုင် မှုများကြောင့် ကလေးအလုပ်သမားများနှင့် လူငယ်လူရွယ်အလုပ် သမားများသည် ပညာရေးဆုံးခန်းတိုင် သင်ကြားနိုင်သည့် အခွင့် အလမ်းများမရရှိကြဘဲ ကလေးအလုပ်သမားများအဖြစ် ခိုင်းစေခံ နေကြရသည်။
မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ် အထိ ၁၅ နှစ်ကာလသတ်မှတ်ပြီး ရည်မှန်းချက်ခြောက်ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပထမငါးနှစ်စီမံချက်တွင် အရည်အသွေးရှိသည့် လုပ်သား အင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေး သင်တန်းကျောင်း များသို့ပို့ဆောင်ပြီး ၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိ ရေးဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအနေဖြင့် အသက်မွေးပညာသင်တန်းသုံးခုကို ဖွင့်လှစ် စီစဉ်လျက်ရှိသည်။
ကျွမ်းကျင်မှုစံချိန်၊ စံညွှန်းများနှင့်အညီ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းစနစ် အကောင်အထည်ဖော်နေမှုကို အထောက်အကူပြုသည့်လုပ်ငန်းများဖြင့် တိုးတက်ပွားများ ဖွင့်လှစ်နိုင်ရန် တိုက်တွန်းအပ်ပေသည်။ ။