နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပညာတတ် လူသားအရင်းအမြစ်များ တိုးတက်ရေး

အသိဉာဏ်ပညာသည် အကောင်း၊ အဆိုး၊ အကြောင်းအကျိုး တို့ကို ဝေဖန်ပိုင်းခြား သိနိုင်စွမ်းပေသည်။ မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဟူသည့် အင်အားသုံးရပ် တောင့်တင်း ခိုင်မာရန် နိုင်ငံသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးပါသည်။


ယင်းသို့ တိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင်များထဲတွင် ပညာရေးကဏ္ဍလည်းပါဝင်ပြီး အခြေခံပညာရေးကဏ္ဍသည် အဓိကကျသည်။ နိုင်ငံတိုင်းတွင် လူတိုင်း ခေတ်နှင့်အညီ အမီ လိုက်နိုင်စေရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိရာ မိမိတို့၏ ပညာရေးဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။


"ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ သင်ကြားချိန်တွင် အသက်၊ အရွယ်၊ တန်းတူ ဖြတ်သန်းခဲ့ရ ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းစသည်ဖြင့် ပတ်ဝန်းကျင်ပြောင်းလဲမှု အလိုက် လေ့လာသင်ယူခဲ့ရကြောင်း တက္ကသိုလ်ဝင်တန်း  အောင်မြင်ပြီးသည့်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင်အသစ်ကို ရင်ဆိုင် ကြုံတွေ့ရမည်ဖြစ်သဖြင့် တက္ကသိုလ်များသည် ပတ်ဝန်းကျင် ကောင်း၊ အတွေ့အကြုံကောင်းများရရှိပြီး ၎င်းတို့၏ဘဝ တစ်လျှောက် ဖြတ်သန်းမှုတွင် လက်တွေ့အသုံးချနိုင်သော အသုံးဝင်နိုင်မည့် စာပေပညာ၊ လူမှုဆက်ဆံရေးပညာတို့ ရရှိသွားရန်လိုအပ်မည်ဖြစ်ကြောင်း" နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇန်နဝါရီ ၁၄ ရက် ထားဝယ်တက္ကသိုလ်တွင် တွေ့ဆုံမှာကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။


ပညာရေးရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်နိုင်ရေး အတွက် ဆရာ၊ ဆရာမများသည် ဆရာပီသစွာ အစဉ်လေ့လာ သင်ယူမှုကို မြတ်နိုးတန်ဖိုးထား ဆောင်ရွက်နေသူ၊ အစဉ်လေ့လာ သင်ယူနေသူများဖြစ်ရန် လိုအပ်သကဲ့သို့ မိမိတို့တပည့်များကို လည်း အစဉ်လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ၊ ဘဝ တစ်လျှောက် အစဉ်လေ့လာသင်ယူနေသူများ ဖြစ်လာစေရန် ဆောင်ကြဉ်းပေးဆောင်နေသူများဖြစ်အောင် ကြိုးပမ်းကြရမည် ဖြစ်သည်။


ထို့ကြောင့် နိုင်ငံသားများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် တာဝန်ယူနေကြသည့် ဆရာ၊ ဆရာမများသည် မိမိတို့၏ တာဝန်များကို ဆတက်ထမ်းပိုး တိုး၍ ကြိုးပမ်းအကောင်အထည်ဖော်ရင်း မိမိတို့၏ တပည့်များ ကိုလည်း၊ တိုင်းပြည်အတွက် စွမ်းရည်ပြည့်ဝသူများဖြစ်စေရန် စနစ်တကျ လေ့ကျင့်ပေးကြရန် တိုက်တွန်းအပ်ပေသည်။     ။






အခြားဆက်စပ်သတင်းများ