နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရဟိတစိတ်ဓာတ်

ရန်ကုန်   ဇွန် ၃


ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုးဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေ သည့်ဆောင်ရွက်ခြင်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတ အလုပ်ဖြစ်သည်။


ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်း၊ စိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားအပ်သောစိတ် ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာ အနှံ့ပင်ဖြစ်သည်။


လူသည် တစ်ခါတစ်ရံမထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ရတတ်ပါသည်။ ထိုအခါ အများ၏ အကူအညီတစ်စုံတစ်ခုလိုအပ်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းအဖွဲ့ဖြစ်စေ ဒေသတစ်ခု ဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ ပရဟိတလုပ်ငန်းတို့ဖြင့် လူမှုဘဝဒုက္ခတို့ကို ပြေပျောက်စေနိုင်၏။ မိမိရပ်ရွာတွင် အသင်းအပင်းအဖွဲ့များက ကောင်းသောအပြုအမူများကို ပြုကြသည်မှာ အကျိုးကျေးဇူးများလှသည်။


ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းတို့က ကူးစက်ရောဂါများပျံ့နှံ့ ဖြစ်ပွားမှုကို ဆက်နွှယ်လျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို အကြောင်းပြု၍ လူသားကမ္ဘာကြီး တစ်ခုလုံး တစ်ပြိုင်တည်းလှုပ်ရှားသွားလာမှုကို နှေးကွေးရပ်တန့်လာသည်။ ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်း ပြု၍ လူတို့ပြုလုပ်လာကြရသည့်အပြောင်းအလဲများမှာ များပြားလှသည်။


မဖြစ်မနေပြောင်းလဲကြရသည့် အပြောင်းအလဲများနှင့်အတူ လိုက်လျောညီထွေစွာနေထိုင်ကြရေးပင်  ဖြစ်သည်။ လိုက်လျောညီထွေစွာနေထိုင်ခြင်းသည် အသက်ရှင်ရေးအတွက်သာဖြစ်သည်။ အသက်အန္တရာယ်ပြု နိုင်သည့် ဗိုင်းရပ်စ်ပိုးမကူးစက်ရေးအတွက်အခြေအနေသစ်မှာ ပုံစံအသစ်ဖြင့်နေထိုင်ကြရတော့မည်။


သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ကြုံတွေ့လာရသောအခက်အခဲစိန်ခေါ်မှုများကို အခွင့်အလမ်း များအဖြစ်ထုတ်ဖော်နိုင်အောင် နိုင်ငံတော်က စီမံထားရာ ပြည်သူပြည်သားများအနေဖြင့် မိမိတို့အတတ်ပညာ များ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများဖြင့် မိမိတို့ဘဝ မိမိနိုင်ငံအကျိုးပြုအောင် ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်။


ပြည်သူများ၏ စိုးရိမ်မှု၊ မျှော်မှန်းမှု ဖြစ်သင့် ဖြစ်နိုင်တာများကို အကောင်းဆုံးအဖြေရှာမှုကို ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ရာ ပရဟိတအဖွဲ့များ၏စွမ်းဆောင်မှုများက အထောက်အပံ့ဖြစ်စေသည်ဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ