နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာအမှတ်(၁၅)နှင့် အနီးကပ်ထိတွေ့သူ မိသားစုဝင် ၄ ဦးတွင် ရောဂါပိုးတွေ့

ရန်ကုန် ဧပြီ ၃ COVID-19 ရောဂါအတည်ပြုလူနာအမှတ်(၁၅)နှင့်အနီးကပ်ထိတွေ့ခဲ့သည့် မိသားစုဝင်(၄)ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဧပြီ ၂ ရက်၊ ည ၈ နာရီတွင် သတင်းထုတ်ပြန်လိုက် သည်။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သည့် ယင်းမိသားစုဝင် (၄)ဦးသည် Case-15(ပုဂ္ဂလိကဆေးခန်းမှသူနာပြု)နှင့် အနီးကပ်ထိတွေ့ဆက်စပ်သူများဖြစ်သည့်အတွက် အသွားအလာကန့်သတ်(Quaratine)၍ စောင့်ကြပ်ကြည့်ရှုခဲ့ရသူများလည်းဖြစ်သည်။ ယခုအခါ ယင်းတို့နေထိုင်သည့်လမ်းကို အသွားအလာကန့်သတ်ခြင်းများလုပ်ထားသည့်အပြင် ယင်းတို့ နှင့်ဆက်စပ်သောသူများကိုလည်း Home Quarantine လုပ်ထားသည်ဟု ပေါက်ခေါင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ဆိုသည်။ မြန်မာနိုင်ငံတွင် မိသားစုလိုက်ကူးစက်ခံရသည့်ပထမဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး လူနာအမှတ်(၁၅)၏ ခင်ပွန်းဖြစ်သူ အသက် ၄၇ နှစ်၊ သားဖြစ်သူ အသက် ၁၀ နှစ်၊ သမီးဖြစ်သူ အသက် ၈ နှစ်၊ တူမဖြစ်သူ အသက် ၁၈ နှစ်တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါမိသားစုဝင်(၄)ဦးတို့သည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော်လည်း ကျန်းမာရေးအခြေ အနေကောင်းမွန်လျက်ရှိပြီး ယင်းတို့ကို ပေါက်ခေါင်းဆေးရုံမှ ပြည်မြို့နယ်ဆေးရုံသို့လွှဲပြောင်းကာ ဆေးကုသမှု ဆက်လက်ခံယူစေသွားမည်ဖြစ်သည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၏ ဓာတ်ခွဲအဖြေများအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀ ဦးအထိရှိလာခဲ့ပြီး ကင်ဆာရောဂါအခံရှိသည့် လူနာတစ်ဦးမှာ မတ် ၃၁ ရက်၊ နံနက်ပိုင်းတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ