နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရာသီဥတုပြောင်းလဲမှု သတိပြုကာကွယ်

ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေး လာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်များလည်း ပြောင်းလဲလာနေသည်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြီးသည် ကမ္ဘာတစ်ခွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။


ရာသီဥတုပြောင်းလဲမှုကို  ကမ္ဘာတစ်ဝန်းတွင်သာမက မြန်မာနိုင်ငံတွင်လည်း  ရင်ဆိုင်တွေ့ကြုံ  ခံစားနေရပြီဖြစ်ရာ မြန်မာ့ရာသီဥတု  ပြောင်းလဲမှုဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ယခုအခါ သစ်တောသစ်ပင် လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့ရ သည်မှာ အမှန်ပင်ဖြစ်သည်။ 


လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း၊ ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျှင်မြန်စွာ မြင့်တက်လျက် ရှိကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများ ပြုလုပ်ထိန်းချုပ်သွားရန် လိုကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထား သည်။ 


ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့အစည်း၏ ၂၀၁၃ ခုနှစ် ပဉ္ဓမအကြိမ် ဆန်းစစ်ချက်အစီရင်ခံစာတွင် ဟိုက်ဒရိုဖလူရိုကာဗွန် အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များ မလျှော့ချနိုင်ခြင်းကြောင့် ငွေကုန်ကြေးကျ များပြားစေခြင်း၊ ကာဗွန် ပိုမိုထုတ်လုပ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စီးပွားရေးနှင့်                ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို လျော့နည်းကျဆင်းစေခြင်း၊ လွန်ကဲသော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များဖြစ်ပေါ်ခြင်း အစရှိသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု ဖော်ပြထားသည်။


အီရတ်နိုင်ငံမြောက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ဒီဇင်ဘာ ၁၇ ရက်က ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦးရှိကြောင်း၊ မိုးခေါင်မှုနှင့် ကြုံတွေ့ရစဉ် ဖျက်အား ကြီးမားသည့် မိုးသည်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ရိုင်အမည်ရှိ အင်အားပြင်း တိုင်ဖွန်မုန်တိုင်း တိုက်ခတ်ပြီး သေဆုံးသူ ၃၃ ဦးနှင့် အများအပြား ပျောက်ဆုံးနေ ကြောင်း ရိုင်တိုင်ဖွန်မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ ဘက်သို့ ရွေ့လျားနေကြောင်း မိုးလေဝသ  သတင်းများတွင် တွေ့မြင်နေရသည်။


ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားခြင်း၊ အအေးလွန်ကဲခြင်း၊ ဆောင်းကာလ တိုခြင်းတို့ ကြုံတွေ့နေကြရာ ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု မြင့်တက်လာခြင်းကို ကမ္ဘာ့အသိုက်အဝန်း တစ်ရပ် လုံးက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ထုတ်လွှတ်မှုများ လျှော့ချ၍ အလျင်အမြန် ကာကွယ်ကြရန်လိုအပ်နေပြီဟု ဆိုချင် ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ