နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝအသိ တိုးတက်စေချင်

လူတို့သည် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရသော အလုပ်တို့၌ အဆင်ပြေသည်လည်း ရှိသည်။ အဆင်မပြေသည်လည်း ရှိသည်။ အချို့မှာ အဆင်ပြေပြေ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နိုင်သွားကြ သော်လည်း အချို့မှာ အဆင်မပြေကြပေ။ ထိုအခါ စိတ်ဖိစီးမှုများ ဖြစ်ရသည်။


လူသားများအနေဖြင့် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်းဖြည်းလျှော့ချနိုင်လျှင် ကောင်းမှန်းသိသော်လည်း အချိန်ရှိသ၍ လိုချင်မှုလောဘ၊ ရတာမလိုသည့် ဒေါသ အမှားအမှန်မခွဲခြား နိုင်သည့် မောဟတို့နှင့် အမြဲကြုံနေကြရ၏။ လောဘကြီးသူ၊ ဒေါသကြီးသူသည် သုခရှာရင်း ဒုက္ခနှင့်အမြဲ ကြုံနေကြရသည်။


လူသည် သောကတည်းဟူသော စိတ်ဖိစီးမှုနှင့် မကင်း နိုင်ကြပါ။ အနည်းနှင့်အများ လူတိုင်းတွင် သောကရှိသည်။ အနည်းငယ်မျှသော သောက (ဝါ) စိတ်ဖိစီးမှုသည် လူတို့အတွက် မပြောပလောက်သော်လည်း ကြီးမားသော စိတ်ဖိစီးမှုနှင့် ကြုံတွေ့ ရသောအခါ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်တတ်သည်။ ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်ကြောင့် ကြံမိ၊ ကြံရာ ကြံတတ်ကြ သည်။


အဆင်မပြေမှုများ စုပြုံလာသည့်အခါ စိတ်ထွက်ပေါက်ကို မှန်ကန်သောနည်းဖြင့် အမြန်ဆုံးဖွင့်ပေးသင့်၏။ တရားထိုင်ခြင်း၊ ဝါသနာပါရာ တစ်ခုခုဆောင်ရွက်ခြင်းဖြင့် စိတ်ပြေရာပြေကြောင်း ပြုလုပ်ပေးခြင်းသည် စိတ်ထွက်ပေါက်ဖွင့်ပေးခြင်းပင် ဖြစ်၏။ 


အချို့က ဓမ္မနည်းလမ်းအရသော် လည်းကောင်း၊ အချို့က ပျော်ရွှင်ဖွယ်ရာ အမှုတို့ကိုပြုခြင်းအားဖြင့်သော် လည်းကောင်း စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။ အပန်းဖြေခရီးထွက်ခြင်း၊ စာပေ လေ့လာဖတ်ရှုခြင်း၊ ရုပ်ရှင်၊ ဂီတတို့ကို ခံစားကြည့်ရှုခြင်းများ ပြုလုပ်၍ စိတ်ထွက်ပေါက်ရှာခြင်းဖြင့် စိတ်ထွက်ပေါက်ကို ဖွင့်ကြ သည်။


လှုပ်ရှားမှုနည်းသူ၊ အစားကြူးသူ၊ ဆေးလိပ်သောက်သူများ သည် နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါစသော ရောဂါအမျိုးမျိုးရလာ ကြသည်။ သောကများနှင့် ရင်ဆိုင်လာကြရသည်။ 


လောက၌ လူတိုင်းသည် မှန်ကန်သည့်အသိတရားဖြင့် သတိပြု ကျင့်ကြံနေထိုင်သွားကြမည်ဆိုလျှင် စိတ်ဖိစီးမှုကင်းကာ တိုးတက်ခြင်း၊ ကြီးပွားခြင်း၊ ဖွံ့ဖြိုးခြင်းဟူသော ကောင်းကျိုး ချမ်းသာတို့ကို ရရှိနိုင်ကြမည်ဖြစ်သည်။


ဤလောကကြီးအတွင်း မှီတင်းနေထိုင်ကြသော လူသားတို့ သည် မှန်ကန်အသိ စိတ်ဓာတ်ဖြင့် လောကကောင်းကျိုးကို ဖော်ဆောင်ကျင့်ကြံ အားထုတ်ကြမှသာ လောကကို အလှဆင်သူ များအဖြစ် ဘဝတလျှောက်လုံး အတ္တ၊ ပရနှစ်ဝ အကျိုးဖော်ဆောင် သူများ ဖြစ်နိုင်ကြပေမည်။      ။






အခြားဆက်စပ်သတင်းများ