ရန်ကုန် ဇွန် ၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရေးတို့အတွက် အမိန့်ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ကြေညာဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုမရှိခြင်းအခြေအနေမှာ ရက်သတ္တနှစ်ပတ်ခန့် ရှိလာပြီဖြစ်သည်။ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါ၏စိန်ခေါ်မှုက မမျှော်လင့်သောဘေးအန္တရာယ်များဖြစ် ပေါ်လာနိုင်သည်။ သို့ဖြစ်ရာ ဘေးဒုက္ခကြုံတွေ့လာပါက အသက်ရှင်ရပ်တည်နိုင်ရေးသည် အရေးကြီးဆုံးဖြစ် ပေသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးတွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏အကြံပြု သတ်မှတ်ချက်နှင့်အညီ ကျန်းမာရေးဆိုင်ရာအကြံပြုနှိုးဆော်မှုများကိုအလေးထားလျက် လက်ကိုမကြာခဏ ဆပ်ပြာ၊ ရေဖြင့်ဆေးကြောရန်၊ပါးစပ်နှာခေါင်းစည်းတပ်ရန် ခပ်ခွာခွာနေထိုင်ရန် စသည့်အချက်များ တိကျစွာ လိုက်နာကျင့်သုံးနိုင်ရန်လိုအပ်သည်။
လူသားအားလုံးအသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဆင်ခြင်စရာအချက်အလက်များရှိခဲ့ပေရာ ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ဖြတ်သန်းနေရသောကာလ အတွင်း မိမိတို့နိုင်ငံသားများ၏ မွန်မြတ်သောစိတ်ထားနှင့် မေတ္တာ၊ကရုဏာ၊ အများအကျိုးဆောင်မှု၊ စာနာထောက်ထားမျှဝေမှု၊ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက် မှုကိုတွေ့မြင်နေရသည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တဖြည်းဖြည်းတိုးတက်မှုရရှိအောင်ဆောင်ရွက်ရာတွင် ရောဂါကာကွယ်ရေးနှင့် ရောဂါပျောက်ကင်းရေးသည် ဆေးပညာနှင့်သက်ဆိုင်ကြောင်း အခြားဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများက ကာကွယ်ဆေး၊ ကုသဆေးများရှာဖွေနေသည့်အခြေအနေတွင် မိမိနိုင်ငံတွင် ပြည်သူလူထု၏စည်းလုံးမှု အင်အားကို အားကိုးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်မည်ဆိုပါက အခြေအနေကိုထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ထိန်းသိမ်းထားနိုင်ပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကိုရင်ဆိုင်သည့်အခါတွင် ပူးပေါင်းဆောင်ရွက်ရေးသည် အဓိက ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Conferening စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို လုံးဝအနိုင်ရရှိရေးတွင် စည်းကမ်းထိန်းသိမ်းခြင်း၊ လိုက်နာဆောင်ရွက်ခြင်း၊ ပြည်သူလူထုအားလုံး၏ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါစိန်ခေါ်မှုကြီးကို ကျော်လွှားအနိုင်ယူစေချင်ကြောင်း ။ ။