နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဖြတ်ရောဂါကာကွယ်

သွေးတိုးရောဂါသည် အသက် ၄၀ ကျော်လာသည့် လူကြီး အတော်များများတွင် ဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။ သွေးတိုး ရောဂါဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသော သွေးလွှတ်ကြော၊ သွေးပြန်ကြောမှ သွေးများ တိုးပွားလာခြင်း မဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှ သွေးကိုညှစ်ပို့ရသည်။ ညှစ်ပို့ရသော သွေးဖိအားသည်  ပုံမှန် မဟုတ်တော့ဘဲ ပုံမှန်ထက်ပို၍ တိုးလာခြင်း၊ သွေးပိုညှစ်သည့် ဖိအားတိုးလာခြင်းကို သွေးတိုးရောဂါဟုခေါ်သည်။


သွေးတိုးခြင်း၏နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်တွင် လေးစက္ကန့်တိုင်းတွင် လူတစ်ဦးမသန်စွမ်းဘဝသို့ ရောက်လျက်ရှိသည်ဟု ဆိုပေသည်။ သွေးတိုးကြောင့်လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။


လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာစီးဆင်းမှုရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်သည်။ ကမ္ဘာ့လေဖြတ်ရောဂါကာ ကွယ်ရေးအဖွဲ့၏  ထုတ်ပြန်ချက်များအရ  ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ ၁၅ သန်းမှာ လေဖြတ်ရောဂါခံစား ရပြီး ယင်းတို့အနက် ခြောက်သန်းမှာ အသက်ဆုံးရှုံးလျက်ရှိကြောင်း သိရပေသည်။


လေဖြတ်ရောဂါကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန် ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက် များကို ရှောင်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သင့်ပေသည်။


လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ်ပိုင်း များသည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ က ထက်ပိုမို မြင့်တက်လာကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ပွားသော အရွယ်မတိုင်ခင် သေဆုံးမှုများကို လျှော့ချနိုင်ရန် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဆင့်မှစ၍ ဆီးချို၊ သွေးချို နှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ယခုအခါ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါခံစားရပြီး မရှိမဖြစ်ဆေးဝါးများသောက်သုံးနေရပါက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ ဒေသန္တရကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ဌာနခွဲများတွင် ကျန်းမာရေး စစ်ဆေးကာ လိုအပ်သော ဆေးဝါးများရယူပြီး ကုသနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

 

ကမ္ဘာအနှံ့လေဖြတ်ခြင်း ပြဿနာများ  လျင်မြန်စွာကြီးထွားလာ မှုကြောင့် လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများက အလေးထားလိုက်နာကြရန် လိုအပ်ပေသည်။






အခြားဆက်စပ်သတင်းများ