လူတိုင်းသည် စားဝတ်နေရေးအတွက် နေ့စဉ်အလုပ် တစ်ခုမဟုတ် တစ်ခု လုပ်ကိုင်ကြရ၏။ အစိုးရအလုပ်၊ ကိုယ်ပိုင် အလုပ်၊ ရုံးအလုပ်၊ ကျောင်းအလုပ်စသည်ဖြင့် အလုပ်အမျိုးမျိုး ရှိ၏။
မည်သည့်လုပ်ငန်းဌာနမဆို အုပ်ချုပ်သူအရာရှိ၊ အတတ် ပညာရှင်နှင့် အခြေခံကျွမ်းကျင်လုပ်သားဟူ၍ ရှိကြ၏။ ယင်း အားလုံးသည် ဆိုင်ရာဆိုင်ရာအလုပ်တို့ကို ကျွမ်းကျင်မှုဖြင့် လုပ်ငန်းတစ်ခု အောင်မြင်ပြီးစီးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြရ၏။
ဤသို့ ဖော်ဆောင်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီတို့သည် အတတ်ပညာ ကိုယ်စီရှိကြရ၏။ အတတ်ပညာ၊ အသိပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် အကောင်းဆုံးစွမ်းဆောင်ကြရ၏။
မိမိတို့လုပ်ကိုင်နေသော အလုပ်အကိုင်ကျွမ်းကျင်စွာ လုပ်ကိုင် နိုင်ရန် အမြဲတစေ ကြိုးစားအားထုတ်၍ ကျွမ်းကျင်မှုကိုမြှင့်တင် ကာ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှ လုပ်ငန်းအောင်မြင်စွာ လုပ်ကိုင်နိုင်မည်ဖြစ်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်းများသည် အရေးပါပေသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု)က ဖွင့်လှစ်သည့် ရေလေလွင့်ဆုံးရှုံးမှု လျှော့ချရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၆/၂၀၂၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၆ ရက်က မရမ်းကုန်းမြို့နယ်၊ ရေကူးရွာမလမ်း၊ ရေကူးရေတွန်းစက်ရုံ သင်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ တက်ရောက်မှာကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေ ဖြင့် မြို့တော်နေပြည်သူများ၏ လိုအပ်ချက်အဝဝနှင့် အတူ သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးလျက်ရှိသော်လည်း လူ၊ ပစ္စည်း၊ ရာသီဥတုအခြေအနေအရပ်ရပ်ကြောင့် ရေလေလွင့်ဆုံးရှုံးမှုများဖြစ်တတ်သဖြင့် ရေဖူလုံစွာပေးနိုင်ရေး၊ ရေလေလွင့်မှုကိုကာကွယ်ရန်လိုကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာများကိုအခြေခံပြီး လက်တွေ့အကောင်းဆုံး လုပ်ဆောင်ကြရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) က သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ရာ ၂၀၁၆ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၁၂ ကြိမ်၊ ၂၀၁၈ ခုနှစ် ၁၃ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ကိုးကြိမ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ယခုသင်တန်းအပါအဝင် ၄၅ ကြိမ်ကို ဖွင့်လှစ်ပို့ချပေးခဲ့ပေသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လူ့ စွမ်းအားအရင်းအမြစ်များ ရရှိရေးအတွက် ကျွမ်းကျင်လုပ်သားများ ရရှိရေးကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ သင်တန်းများက ပို့ချ ပေးသော အသိပညာ၊ အတတ်ပညာများကို အတွေ့အကြုံနှင့် ပေါင်းစပ်၍ လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်မိပေသည်။