ကျွန်ုပ်တို့အနေဖြင့် လိမ္မာရေးခြားရှိရန်ကား မိဘ၊ ဆရာသမား များ ဆိုဆုံးမမှုကြောင့်သော်လည်းကောင်း ကိုယ်တွေ့ဗဟုသုတများ ကြောင့်သော်လည်းကောင်း၊ စာပေဗဟုသုတများကြောင့်သော် လည်းကောင်း ရရှိနိုင်ပေ၏။ သို့သော် မိဘ၊ ဆရာသမားတို့၏ ဆိုဆုံး မမှုသာမက စာပေက ရရှိလာသော ဗဟုသုတများကလည်း လိမ္မာ ရေးခြားရှိမှုကို ပေးစွမ်းနိုင်သည်။
လောက၌ မိဘစကားကိုနားထောင်သူများ၊ ကြီးပွားတိုးတက် သကဲ့သို့ မိဘစကားနားမထောင်မိကြ၍ နောင်တတစ်ဖန်ပူပန် ခြင်းများစွာ ဒုက္ခပင်လယ်ဝေရသူများလည်းရှိ၏။ မည်သည့်မိဘ မဆို သား၊ သမီးများအပေါ် ဆိုးစေလိုသောဆန္ဒမရှိ။ ကောင်းစေ လိုသောဆန္ဒသာရှိ၏။ ကောင်းစေလိုသောသဘောဖြင့်သာ ပြော ဆိုဆုံးမတတ်ကြ၏။
လက်ရှိ မျက်မှောက်ခေတ်တွင်လည်း မိမိပတ်ဝန်းကျင်ကို လေ့လာကြည့်လျှင် မိဘစကားနားထောင်သူများနှင့် နားမထောင် သူများ ဘဝအနေအထားခြားနားပုံကို တွေ့မြင်ရပေလိမ့်မည်။ မိဘတို့မည်သည် လမ်းကောင်းကိုသာ ညွှန်ပြတတ်၏။
ငယ်စဉ်အခါ တတ်သင့်တတ်အပ်သော အသက်မွေးဝမ်း ကျောင်းပညာများ သင်ယူတတ်မြောက်ထားခြင်းမရှိလျှင် ဘဝ တစ်လျှောက်လုံး လျှောက်လှမ်းရာတွင် ခက်ခဲကြမ်းတမ်းတတ်၏။
ယနေ့အခြေအနေတွင် မြန်မာနိုင်ငံ၌ လူငယ်၊ လူရွယ်များ၊ ပြည်သူများမှာ သတင်းမှားများ၊ လုပ်ကြံသတင်းများ၊ ဘက်လိုက် သတင်းများတွင် မျောပါကျင်လည်နေကြသည်။ မှန်ကန်သော သတင်းအချက်အလက်များဖြင့် ပြည်သူများ အသိအမြင်မှန်ကန် စေရန် လိုအပ်လျက်ရှိပေသည်။ ထိုအခြေအနေတွင် လူ့စွမ်းအား အရင်းအမြစ်များ အထူးအရေးပါလှပေသည်။
လူငယ်လူရွယ်တို့အား ဘဝတိုးတက်အောင်မြင်ရေးတံခါးပေါက် ကိုဖွင့်ပေးနိုင်သည့် သင်တန်းများစွာရှိ၏။ ဥပမာ - ကွန်ပျုတာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ စက်မှုနည်းပညာ သင်တန်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်းများ စသည်တို့ ဖြစ်၏။ သင်တန်းများတက်ရောက်သင်ကြားခြင်းဖြင့် ဗဟုသုတ ကြွယ်ဝနိုင်၏။ မှန်ကန်မြန်ဆန်သော အသိပညာကို တစ်မုဟုတ် ချင်းတိုးပွားသွားနိုင်၏။
ယနေ့လူငယ်လူရွယ်တို့သည် ငယ်စဉ်အခါ ပညာရှာဆိုသကဲ့သို့ ဆိုင်ရာသင်တန်းများကို တတ်ထားခြင်းဖြင့် ဘဝအဆင့်ဆင့်တက် လှမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ကို စက်မှုစိုက်ပျိုးရေးကိုအခြေခံ သည့် စက်မှုနိုင်ငံအဆင့်တက်လှမ်းနိုင်ရေးအတွက် စက်မှုအခြေခံ ရှိသည့် နယ်မြေဒေသများ၌ စက်မှုဇုန်များ အထူးစီးပွားရေးဇုန်များ တည်ထောင်လျက်ရှိသည်။
သို့ဖြစ်ရာ လူငယ်၊ လူရွယ်တို့သည် မိဘ၊ ဆရာသမားများ၏ ဆိုဆုံးမမှုအပေါ် လေးစားစွာနာခံဆောင်ရွက်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်း၊ စာပေ၊ ဗဟုသုတပွားများလေ့လာခြင်းတို့ဖြင့် ဘဝလမ်းကြောင်းဖြောင့်ကာ တစ်ဆင့်ထက်တစ်ဆင့် တက်လှမ်း လျက် ဘဝတိုးတက်အောင်မြင်မည်ဖြစ်ပါကြောင်း ။ ။