နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြယ်ပဲစေ့နှင့် ကျန်းမာရေး

ကြယ်ပဲပင်၏ ရုက္ခဗေဒအမည်မှာ Sacha inchi ဖြစ်ပြီး အင်္ဂလိပ်လို Inca peanut ဟုခေါ်ပါသည်။ 


ကြယ်ပဲပင်တို့ ပေါက်ရောက်ရာဇစ်မြစ်ဒေသမှာ ပီရူးနိုင်ငံဖြစ်သည်။ ကြယ်ပဲ ပင်ရွက် အညွန့်ကိုကြော်စားခြင်း၊ ဟင်းချိုချက်ခြင်း၊ ကြယ်ပဲစေ့ ကိုကြော်ခြင်း၊ လှော်ခြင်း၊ မီးဖုတ်စားခြင်း၊ ကြယ်ပဲစေ့အမှုန့် ကိုမုန့်အမျိုးမျိုးပြုလုပ်ခြင်း၊  ကြယ်ပဲစေ့ကိုအဆီထုတ်၍ ဟင်းချက်စားခြင်း၊ ကြယ်ပဲပင်ရွက်ကိုလက်ဖက်ခြောက်ကဲ့သို့ အခြောက်လှန်း၍ ရေနွေးကြမ်းသောက်ခြင်းစသည်ဖြင့် အလိုရှိသလိုစားသုံးနိုင်ပါသည်။အနောက်နိုင်ငံများ နှင့် ထိုင်းနိုင်ငံများတွင် ကြယ်ပဲစေ့ကိုဖော်စပ်ပြုလုပ်၍ စားသောက်ကုန်များ၊ လူ့ခန္ဓာကိုယ် အတွက် သဘာဝအားတိုးဆေးများနှင့် အလှကုန်ပစ္စည်းများထုတ် လုပ်လျက်ရှိကြသည်။ 


မြန်မာနိုင်ငံတွင် ကြယ်ပဲအများဆုံးစိုက်ပျိုးထွက်ရှိသည့် ဒေသများမှာရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ ဖြစ်ပါသည်။  ယခုနှစ် ကြယ်ပဲရာသီအတွင်း ပြည်ပသို့ ကြယ်ပဲအသီးခြောက် ၁၀ တန် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကြယ်ပဲစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရသည်။ မြန်မာပြည်မှ ကြယ်ပဲကို နိုင်ငံခြား တိုင်းပြည်များက ဖြည့်စွက်အစာအဖြစ် သုံးခြင်းဖြစ်ပြီး နှလုံးသွေး ကြောကျဉ်းရောဂါ၊ အစာအိမ်လမ်းကြောင်းရောဂါ၊ သွေးတိုး၊ ဆီးချိုကျခြင်း၊ ခန္ဓာကိုယ်အလေးချိန် ထိန်းခြင်း၊ အိုမင်းရင့်ရော်မှု ထိန်းသိမ်းခြင်းတို့အတွက် ဖြည့်စွက်စာအဖြစ် ထုတ်လုပ် အသုံးပြု ကြကာ ကြယ်ပဲရွက်ကိုအခြောက်ပြုလုပ်၍ လက်ဖက်ခြောက် အစားထိုးပြုလုပ်ခြင်း နှင့် ကြယ်ပဲစေ့ကိုဟင်းခတ်မှုန့် ထုတ်လုပ် ခြင်းတို့တွင် အသုံးပြုကြောင်းသိရသည်။ 


ကြယ်ပဲစေ့နှင့်ကျန်းမာရေး


ကြယ်ပဲစေ့ကိုဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါရှိကာ သက်စောင့်ဓာတ်များဖြစ်ကြသောအိုမီဂါ-၃၊ အိုမီဂါ-၆၊ အိုမီဂါ-၉၊ ဗီတာမင်အီး၊ ဗီတာမင်အေနှင့် အမျှင် ဓာတ်များလည်းလုံလောက်စွာ ပါရှိနေကြသည်ကိုတွေ့ရသည်။ ကြယ်ပဲစေ့ကိုစားသုံးခြင်းဖြင့် အစာကျေညက်လွယ်စေတဲ့အပြင် ရောင်ရမ်းနာများ နှင့် ဓာတ်မတည့်ခြင်းရောဂါတို့ကိုလည်း သက်သာစေပါသည်။ ကြယ်ပဲစေ့တွင်ပါရှိသောအဆီကသံလွင်ဆီကဲ့သို့အနံ့ အရသာဆင်တူပြီး ကြယ်ပဲဆီထဲမှာသံလွင်ဆီထက် လူသားအကျိုးပြု ပရိုတင်းနှင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်တို့ ပိုမိုပါရှိနေပါသည်။ ထို့ကြောင့် သားသတ်လွတ် စားသုံးလေ့ရှိ သူများ အနေဖြင့် အိုမီဂါ-၃ ကြွယ်ဝသော အပင်အရင်းအမြစ်ဖြစ်သည့် ကြယ်ပဲဆီကိုစားသုံးပေးသင့်ပါသည်။ ထို့ပြင် ကြယ်ပဲစေ့ကိုစားသုံးပေးခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူး များကိုရရှိနိုင်ပါလိမ့်မည်။


ကိုလက်စထရောကျစေသည်


ကြယ်ပဲစေ့ကိုစားသုံးပါက ခန္ဓာကိုယ်ထဲရှိမကောင်းသော LDL ကိုလက်စထရောကိုကျစေပြီးကောင်းသော HDL ကိုလက်စထရောကို မြင့်မားတိုးတက်စေပါသည်။ ၄င်းဖြစ်စဉ်က နှလုံး နှင့် နှလုံးသွေး ကြောများကို ကျန်းမာစေပါသည်။


ကြံ့ခိုင်ကျန်းမာစေသည်


ကြယ်ပဲစေ့ထဲတွင် ပါရှိနေသော Serotonin ဓာတ်ကဟိုမုန်းအား ကောင်းစေသဖြင့် စိတ်ဖိစီးမှုများကိုဖြေဖျောက်ပေးနိုင်ပါသည်။ ပဲစေ့ထဲရှိအိုမီဂါ- ၃ ဖက်တီးအက်ဆစ်ကလည်းဦးနှောက်ကိုပေါ့ပါးလန်းဆန်းစေကာခေါင်းကိုက်ခြင်းမှ ကင်းဝေးစေပါသည်။


ကိုယ်အလေးချိန်ကျစေသည်


ကြယ်ပဲစေ့ထဲတွင် စွမ်းအားပြည့် tryptophan ဓာတ်တစ်မျိုး ပါရှိနေပြီး၊ ၄င်းဓာတ်က လူကိုတင်းတိမ်ရောင့်ရဲစေကာနောက်ထပ် အစာစားချင်စိတ်ကိုခုနှိမ်ပေးပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် ကြယ်ပဲစေ့ကိုမှန်မှန် စားပေးသင့်ပါသည်။


ဦးနှောက်ကျန်းမာစေသည်


ဦးနှောက်၏ အစိတ်အပိုင်းအများစုကို အဆီဆဲလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ဦးနှောက် အဆီဆဲလ်များ အတွက်အားကောင်းစေမည့် ကြယ်ပဲစေ့ကို စားသုံးပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကာ စိတ်ကျရောဂါ၊ အလွန်အမင်းမောပမ်းနွမ်းနယ်ခြင်း၊ သတိမေ့လျော့ခြင်းစသည်တို့ဖြစ်မလာအောင် ကာကွယ်ပေးပါသည်။ ထို့ကြောင့် ဦးနှောက်ကို များများအသုံးပြုရသောကျောင်းသားကျောင်းသူများ နှင့် ဦးနှောက်မှတ်ဉာဏ်ရည် ကျဆင်းသောသက်ကြီးရွယ်အိုများ အတွက် ကြယ်ပဲစေ့ကလွန်စွာကောင်းကျိုးပြုပါသည်။


နှလုံးကျန်းမာစေသည်


ကြယ်ပဲစေ့ကသွေးတိုးကျခြင်း၊ မကောင်းသော ကိုလက် စထရော ကျခြင်း၊ ရောင်ရမ်းနာများ လျော့ပါးသက်သာခြင်းစသည့် ခန္ဓာကိုယ်ကြီး တစ်ခုလုံး၏ သွေးလည်ပတ်စီးဆင်းမှုဆိုင်ရာ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပါသည်။ ၄င်းဖြစ်စဉ်က နှလုံးသွေး ကြောများ ကိုအားကောင်းစေကာ နှလုံးကျန်းမာစေမည့် သော့ချက် ဖြစ်ပါသည်။


ဆီးချိုကျစေသည်


ကြယ်ပဲစေ့ထဲရှိအိုမီဂါ-၃ က ဂလူးကို့စ်ပမာဏကိုထိန်းချုပ်ပေးကာဆီးချိုရောဂါအမှတ်- ၂ ကိုကောင်းကျိုးပြုပါသည်။ ထို့ပြင် ၄င်းအိုမီဂါ-၃ က ဆီးချိုတက်စေသည့် triglyceride ပမာဏတွေကိုလည်းလျှော့ချပေးနိုင်စွမ်းရှိပါသည်။

အရိုးကျန်းမာစေသည်


ခန္ဓာကိုယ်ကြီးအတွက် ကယ်လ်စီယမ်စုပ်ယူမှုအားကောင်းစေရန် ကြယ်ပဲစေ့ထဲရှိအိုမီဂါ-၃ က အကူအညီပေးပါသည်။ ထို့ကြောင့် ကြယ်ပဲစေ့ကိုစားသုံးပေးခြင်းအားဖြင့် အရိုးသိပ်သည်းဆကို တိုးတက်ကောင်းမွန်စေပါမည်။


အမြင်အားကောင်းစေသည်။ 


ဦးနှောက်ကဲ့သို့ပင် မျက်စိကလည်းအဆီဓာတ်ကိုမှီခိုအားထားနေရပါသည်။ ကြယ်ပဲစေ့ထဲရှိ သဘာဝအဆီဓာတ်များဖြစ်ကြသောဗီတာမင်အီး၊ ဗီတာမင်အေ၊ အိုမီဂါ-၃၊အိုမီဂါ-၆၊ အိုမီဂါ-၉ တို့က မျက်စိကိုကျန်းမာစေပြီး အမြင်အာရုံအားကောင်းစေပါသည်။


အရိုးအဆစ်များကျန်းမာစေသည်


အဆစ်အမြစ် ရောင်ရမ်းနာဖြစ်သူများအနေဖြင့် ကြယ်ပဲစေ့ ကိုမကြာမကြာစားပေးပါ။ ကြယ်ပဲစေ့ အဆီ နှင့် ဂျင်းတို့ကိုရော၍ အရိုးအဆစ်တွေကိုလိမ်းပေးပါ။


အရေပြားနှင့် ဆံသားကိုကောင်းမွန်စေသည်


ကြယ်ပဲစေ့ထဲရှိအိုမီဂါ-၃ က အရေပြားနှင့် ဆံသားတို့ကိုရေဓာတ်ထိန်းညှိပေးခြင်း၊ အဆီဓာတ် ပုံမှန်ထွက်ရှိစေခြင်း၊ နေလောင်ဒဏ်မှ ကာကွယ်ပေးခြင်း၊ ဆဲလ်အသေများကို ပြုပြင် ပေးခြင်းစသည်တို့အတွက် အထောက်အပံ့ပေးနိုင်ပါသည်။ ထို့ကြောင့် ကြယ်ပဲစေ့ စားသုံးပေးခြင်းဖြင့် အရေ ပြားနှင့်ဆံသား တွေကိုမလွဲမသွေ ကျန်းမာစေပါသည်။


အရွယ်တင်နုပျိုစေပါသည်


ကြယ်ပဲစေ့ထဲရှိ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လူသားတို့အတွက် အရွယ်တင်နုပျိုစေနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ကြယ်ပဲစေ့နှင့် ၄င်း အဆီတို့ကိုစားပေးပါ။  ညအိပ်ရာဝင်ခါနီး ကြယ် ပဲစေ့အဆီကိုလိမ်းပေးခြင်းဖြင့် အသားအရည်နူးညံ့စေပါလိမ့်မည်။






အခြားဆက်စပ်သတင်းများ