နိုဝင်ဘာ ၂၁
ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲစဉ် တစ်ပွဲအဖြစ် ဝက်ဖို့ဒ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ နိုဝင်ဘာ ၂၀ ရက်၊ ည ၉ နာရီခွဲ အချိန်က ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်ဖို့ဒ် အသင်းက လေးဂိုး၊ တစ်ဂိုးဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက ကစားသမားအစုံအလင်ဖြင့် ပွဲထွက် လာခဲ့ပြီး ပထမပိုင်းပွဲအစမှာပင် နှစ်သင်း စလုံးက အပြန်အလှန်တိုက်စစ်ဆင် ကစားခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
ပွဲချိန် ၁၁ မိနစ်မှာ ဝက်ဖို့ဒ်အသင်း ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီ ကို အစ်မီလာဆားက ကန်သွင်းရာ ဂိုးသမား ဒီဂေးယားက ကာကွယ်ပေး နိုင်ခဲ့သောကြောင့် မန်ယူအသင်း သက်သာရာရခဲ့သည်။
ဝက်ဖို့ဒ်အသင်းအတွက် အဖွင့်ဂိုး ကို တောင်ပံကစားသမား ဒန်းနစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂျိုရှူအာကင်း က ပွဲကစားချိန် ၂၈ မိနစ်မှာ သွင်းယူ ပေးခဲ့သည်။
ပွဲချိန် ၄၄ မိနစ်မှာ ကီကို၏ ပေးပို့မှုမှတစ်ဆင့် အစ်မီလာဆားက ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ဝက်ဖို့ဒ်အသင်းက ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းမှာ မန်ယူအသင်းက ဂိုးရရှိရေး ပြန်လည်ကြိုးစားခဲ့ပြီး ပွဲချိန် ၅၀ မိနစ်မှာ စီရော်နယ်လ်ဒို၏ ဖန်တီးပေးမှုမှတစ်ဆင့် ဗန်ဒီဘိခ်က မန်ယူအသင်းအတွက် ချေပဂိုးတစ်ဂိုး ကို သွင်းယူပေးခဲ့သည်။
ထို့နောက် နှစ်သင်းစလုံးက အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာ မန်ယူနောက်ခံ ကစားသမား မက်ဂွဲယား နှစ်ဝါတစ်နီ ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဝက်ဖို့ဒ်အသင်းအတွက် နောက်ထပ် အနိုင်ဂိုးများကို ပွဲချိန် ၉၂ မိနစ်မှာ ပက်ဒရိုနှင့် ပွဲချိန် ၉၆ မိနစ်မှာ ဒန်းနစ်တို့ က အသီးသီးသွင်းယူပေးခဲ့ကြောင်း သိရ သည်။ (သူရိန်)