နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးပြတ်နိုင်ပွဲ အသီးသီးရရှိခဲ့ကြသည့် ချယ်လ်ဆီးနှင့် လီဗာပူးလ်

နိုဝင်ဘာ  ၂၁


ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲစဉ် တစ်ပွဲအဖြစ် လက်စတာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ နိုဝင်ဘာ ၂၀ ရက်၊ ည ၇ နာရီက ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီးအသင်းက သုံးဂိုး၊ ဂိုးမရှိ ဖြင့် လက်စတာအသင်းကို အနိုင်ရရှိ ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ကြောင်း သိရသည်။


ပထမပိုင်း ပွဲစကတည်းက ချယ်လ်ဆီးအသင်းက လက်စတာအသင်း ကို တရစပ် ဖိအားပေးတိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ ထောင့်ကန်ဘောမှတစ်ဆင့် ဘန်ချီဝဲလ် ၏ပေးပို့မှုကို ရူဒီဂါက ခေါင်းတိုက်သွင်း ယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်း အဖွင့် ဂိုးရရှိခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၈ မိနစ်မှာ ကွင်းလယ်ကစားသမား ကန်တီက သွင်းယူပေးခဲ့သည်။


ဒုတိယပိုင်းမှာ လက်စတာအသင်း က ကစားသမားအချို့ ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း ချယ်လ်ဆီးအသင်းကသာ ကစားကွက် အသာဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ လူစားဝင်ကစားသမား ဖြစ်သည့် ဇီးယက်၏ ဖန်တီးပေးမှုမှ တစ်ဆင့် ပူလီဆစ်က တတိယမြောက် ဂိုးကို သွင်းယူပေးခဲ့ပြီး ချယ်လ်ဆီး အသင်းအတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့သည်။


အခြားပွဲစဉ်အဖြစ် လီဗာပူးလ်အသင်း နှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ်မှာ လည်း လီဗာပူးလ်က လေးဂိုး၊ ဂိုးမရှိ ရလဒ်ဖြင့် အာဆင်နယ်အသင်းကိုအနိုင် ရရှိခဲ့ကြောင်း သိရသည်။


လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုး ကို ပွဲချိန် ၃၉ မိနစ်မှာ အာနိုး၏ ဖန်တီးပေးမှုမှတစ်ဆင့် တိုက်စစ်ကစား သမား မာနေးက သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်အသင်း ကသာ ကစားကွက်အသာ၊ ခြေစွမ်း ပိုင်းအသာဖြင့် အာဆင်နယ်အသင်းကို ဖိအားပေးကစားခဲ့ပြီး နောက်ထပ် အနိုင်ဂိုးများကို ပွဲချိန် ၅၂ မိနစ်မှာ ဒီယေဂိုဂျိုတာ၊ ၇၃ မိနစ်မှာ ဆာလာနှင့် ၇၇ မိနစ်မှာ မီနာမီနိုတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး အိမ်ကွင်းအန်းဖီးလ် မှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်  နိုင်ခဲ့ကြောင်း သိရသည်။            

(သူရိန်)






အခြားဆက်စပ်သတင်းများ