ရန်ကုန် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူး များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ် သဲဖြူရေပေးဝေရေး စခန်း ရေသိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးပေး နိုင်မှု အခြေအနေများကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင် ကိုလည်းကောင်း၊ လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ် ရေစီးရေလာကောင်းမွန် ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၇ နာရီတွင် ထန်းတပင် မြို့နယ် ထန်းတပင် ကားလမ်းမဘေး အတွင်းသဲဖြူကျေးရွာ သဲဖြူရေပေးဝေ ရေးစခန်းသို့ သွားရောက်၍ ဂါလန် တစ်သန်းဆံ့ ရေစုကန်၊ ရေစစ်ကန်၊ ရေတွန်းစက်နှင့် ဓာတ်အားခွဲရုံလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စခန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က "လက်ရှိစခန်းဧရိယာ အတွင်း အဝီစိတွင်းသုံးတွင်း ထပ်တူး ရန်အတွက် ရေရရှိနိုင်မှုကို ပြန်လည် စစ်ဆေးစမ်းသပ်ရန်နှင့် မြေအောက်ရေ အသုံးပြုမှု သက်သာစေရန်အတွက် စခန်းဧရိယာကို တိုးချဲ့၍ မိုးရေချိုစု တွင်းများပါ တူးရန်" မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အဆိုပါ သဲဖြူရေပေးဝေရေးစခန်း မြေဧရိယာ လေးဧကတွင် ၂၀၀၈ ခုနှစ် က ရေစုကန်နှင့် ရေတွန်းစက်ရုံကို စတင်တည်ဆောက်၍ ၂၀၀၉ ခုနှစ်မှ စပြီး လှိုင်သာယာမြို့နယ်များသို့ ရေပေးဝေရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ရေပေးဝေရာတွင် ၁၂ လက်မ အဝီစိတွင်းတစ်တွင်း၊ ၁၀ လက်မ အဝီစိတွင်း နှစ်တွင်းနှင့် ၈ လက်မ အဝီစိတွင်း ၁၁ တွင်း၊ စုစုပေါင်း အဝီစိ တွင်း ၁၄ တွင်းမှ မြေအောက်ရေ တစ်နေ့ ရေဂါလန်တစ်သန်းကို ရယူ သန့်စင်၍ ရေတွန်းစက်ငါးလုံးဖြင့် သမကုန်းအဝိုင်းအထိ ၂၄ လက်မ ကွန်ကရစ်ပိုက်အရှည် ၂၃,၅၀၀ ပေနှင့် ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း ၆၀၀ မီလီမီတာ HDPE ပိုက် အရှည် ၁၅,၂၀၀ ပေ၊ စုစုပေါင်း ရေပို့ပိုက်မ ပိုက်လိုင်းအရှည် ၃၈,၇၀၀ ပေ ဆက်သွယ်ကာ လှိုင်သာယာ(အနောက် ပိုင်း)မြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်း နှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ် များသို့ နေ့စဉ် ရေဂါလန်တစ်သန်း ပေးဝေလျက်ရှိရာမှ လှော်ကား ရေ လှောင်ကန်မှ ၁၂ လက်မ ပိုက်လိုင်းဖြင့် ၆၀၀ မီလီမီတာ HDPE ပိုက်လိုင်းသို့ ရေဂါလန် ငါးသိန်း ထပ်မံအားဖြည့်ကာ တစ်နေ့ ရေဂါလန် ၁ ဒသမ ၅ သန်း လှိုင်သာယာမြို့နယ်များသို့ ပေးဝေ လျက်ရှိကြောင်း၊ ယခုအခါ ရေပေးဝေရေး စခန်းကို တိုးချဲ့၍ အဝီစိတွင်းများနှင့် မိုးရေချိုစုတွင်းများ ထပ်မံတူးဖော်ကာ ကုက္ကိုဝ မြစ်ရေတင်စီမံကိန်းဆောင်ရွက် နေဆဲ ကာလအတွင်း လှိုင်သာယာ မြို့နယ်များသို့ တစ်နေ့ ရေဂါလန် ငါးသန်း ပေးဝေနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၈ နာရီတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းသို့ သွားရောက်၍ မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက် နေသော အလျား ၄၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၀ ပေ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန်နှင့် ရေတွန်းစက်ရုံ တည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။အဆိုပါ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း ၁၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ်မှု ဖြင့် ဧရာနဂါးကုမ္ပဏီနှင့် မောင်နှမသုံးဖော်ကုမ္ပဏီ တို့မှ စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ များတည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် မြို့တော်ဝန်က လုပ်ငန်း လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါစီမံကိန်းအား အကောင်အထည်ဖော် ရာတွင် မြေအသုံးချမှုအနေဖြင့် အကျယ် ၁၀၀ ပေ x ၅၀ ပေ စုပေါင်းရုံး မြေကွက်များ ၁ ဒသမ ၄၃၄ ဧက (၁၁ ဒသမ ၆ ရာခိုင်နှုန်း)၊ ဝန်ထမ်းအိမ်ရာမြေနေရာ ၃ ဒသမ ၇၂၅ ဧက (၃၀ ဒသမ ၄ ရာခိုင်နှုန်း)၊ စိမ်းလန်းမြေဧရိယာ ၁ ဒသမ ၃၅ ဧက (၉ ရာခိုင်နှုန်း)၊ ပေ ၄၀ လမ်းဧရိယာ ၅ ဒသမ ၅၁ ဧက (၄၅ ရာခိုင်နှုန်း)၊ ခန်းမမြေဧရိယာ ၀ ဒသမ ၄၈ ဧက (၄ ရာခိုင်နှုန်း) အသုံးပြုတည်ဆောက်ထားကြောင်းနှင့် ယနေ့ အထိ ရုံးအမှတ် (၁) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၂) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၃) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၄) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၅) ၁၅ ရာခိုင်နှုန်း၊ ရုံးအမှတ် (၆) ၁၅ ရာခိုင်နှုန်း၊ ရုံးအမှတ် (၇) ၂၉ ရာခိုင်နှုန်း၊ ရုံးအမှတ် (၈) ၂၇ ရာခိုင်နှုန်း၊ ရုံးအမှတ် (၉) ၂၇ ရာခိုင်နှုန်း၊ ရုံးအမှတ် (၁၀) ၂၇ ရာခိုင်နှုန်း၊ ရုံးအမှတ် (၁၁) ၂၇ ရာခိုင် နှုန်း၊ ရုံးအမှတ် (၁၂) ၂၇ ရာခိုင်နှုန်း၊ SSB Clinic ဆေးခန်း ၁၅ ရာခိုင်နှုန်း၊ Convenient Store ၂၀ ရာခိုင်နှုန်း၊ Multi Purpose Hall ၁၅ ရာခိုင်နှုန်း၊ အများသုံးသန့်စင်ခန်း ၃၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမဘေး စက်မှုဇုန် (၂) ရှေ့တွင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံ ခန့်ခွဲမှု)မှ ၂၁ တန်နှင့် ၇ ဒသမ ၅ တန် Amphibious Excavator များဖြင့် ပိန်းပင်များ၊ မှော်၊ ဒိုက်၊ အမှိုက်နှင့် မြောင်းချေးတို့ ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ရေနုတ်မြောင်းကို ပီမိုးနင်းလမ်းမှ တူးချောင်းအထိ အရှည်ပေ ၁၈,၀၀၀ ဆယ်ယူ ရှင်းလင်းလျက်ရှိရာ ယခုအခါ ပေ ၁၅,၀၀၀ ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်းပြီးစီးပါက မြို့ပြ ရှုခင်းသာယာလှပရေးကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-သွင်မောင်မောင်၊ ဓာတ်ပုံ - ကျော်သူထက်