နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့အပေါ် အထူးအခွင့်အရေးပေးအပ်ထားခြင်း အဆုံးသတ်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဆို

မေ  ၃၀၊  ဝါရှင်တန်

တရုတ်အစိုးရက ပြဋ္ဌာန်းရန် အဆိုပြုသည့် လုံခြုံရေးဥပဒေသစ်ကို တုံ့ပြန်သည့်အနေဖြင့် ဟောင်ကောင်မြို့ အပေါ် ကုန်သွယ်ရေးနှင့် ခရီးသွားလာခွင့်ဆိုင်ရာ အထူးအခွင့်အရေး ပေးအပ်ထားခြင်းကို အဆုံးသတ်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

တရုတ်အစိုးရက ဟောင်ကောင်မြို့တွင် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းရန် အဆိုပြုခြင်းမှာ ဝမ်းနည်းစရာ ကောင်းသည့် ဖြစ်ရပ်ဟု ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့သည်။
"တရုတ်နိုင်ငံက တစ်နိုင်ငံ၊ စနစ်နှစ်ခုပုံစံကို တစ်နိုင်ငံ၊ စနစ်တစ်ခုပုံစံနဲ့ အစားထိုးလိုက်ပါပြီ။ ဒါက ဟောင်ကောင်အတွက် ဝမ်းနည်းစရာပါ။ တရုတ်နိုင်ငံက ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်တွေကို ဇီဝိန်ချုပ်အောင်လုပ်လိုက်ပါပြီ'' ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

အနောက်အုပ်စုအနေဖြင့် ဟောင်ကောင်မြို့အရေးတွင် ကြားဝင်စွက်ဖက်နေခြင်းကို ရပ်တန့်ရန် တရုတ် နိုင်ငံက ပြောသည်။ ဗြိတိသျှကိုလိုနီနယ်မြေဟောင်းတစ်ခုဖြစ်သည့် ဟောင်ကောင်မြို့မှာ ဗြိတိန်နှင့် တရုတ်နိုင်ငံကြား ချုပ်ဆိုခဲ့သည့် ၁၉၈၄ ခုနှစ် သဘောတူညီချက်အရ တရုတ်ပြည်မကြီးတွင် မရသည့် လွတ်လပ်ခွင့်များ ရရှိနေသည်။ သို့သော် လုံခြုံရေးဥပဒေသစ်အရ ဟောင်ကောင်မြို့ရှိ တရုတ်နိုင်ငံ၏ အခွင့်အာဏာကို ထိခိုက်အောင်လုပ်ပါက ပြစ်မှုမြောက်မည်ဖြစ်ပြီး အဆိုပါဥပဒေသစ်ကြောင့် ဟောင်ကောင်မြို့ ၏ ထူးခြားသည့်ရပ်တည်ချက်ကို အဆုံးသတ်ရမည်ဟု လူထုက စိုးရိမ်နေကြသည်။

တရုတ်နိုင်ငံက အဆိုပါ ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ရန် ဆက်လက်လုပ်ဆောင်ပါက ဟောင်ကောင်မြို့ရှိ ရေမြေခြား ဗြိတိန်နိုင်ငံသားပက်စ်ပို့ ကိုင်ဆောင်ထားသူများကို ဗြိတိန်နိုင်ငံသားခံယူခွင့်ပြုသွားမည်ဟု ယခုရက်သတ္တပတ်အတွင်း ဗြိတိန်နိုင်ငံက ပြောသည်။                                            

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ