ကပ္ပလီ ပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၁၇ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်နိုင်သည်ဟု ခန့်မှန်းချက်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထား သည်။
အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ထား သည်။
မကြာမီ တစ်နိုင်ငံလုံး၌ မိုးစပါးရိတ်သိမ်းရမည့် အချိန်ဖြစ် သည်။ ထို့အပြင် စပါးရိတ်သိမ်းအပြီးတွင် သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ မြေထောက်ပဲသီးနှံများ စိုက်ပျိုးရန် တောင်သူလယ်သမား များက ပြင်ဆင်လျက်ရှိသည်။
သီးထပ်ပဲသီးနှံများ စိုက်ပျိုးရန် လုပ်ငန်းများဦးစားပေး ဆောင်ရွက်သည့် အလေ့အထကြောင့် ရိတ်သိမ်းပြီးစပါးများကို ကန်သင်းများတွင် စုပုံထားကြရသည်။ အချိန်အခါမဟုတ် မိုး ရွာသွန်းခြင်းကြောင့် ရိတ်သိမ်းပြီးစပါးများ လေလွင့်ဆုံးရှုံးမှု ကြီးမားစွာဖြစ်ပေါ်နိုင်ကြောင်း သိရပေသည်။
သို့ဖြစ်ရာ ရိတ်သိမ်းပြီးစပါးများကို ခြွေလှေ့စက်များဖြင့် ခြွေလှေ့ပြီး အမိုးအကာအောက်ရောက်ရှိရေး ဆောင်ရွက်ရန်လိုအပ် ပေသည်။ တစ်နှစ်တာရုန်းကန် ကြိုးစားအားထုတ်ခဲ့ရသည့် ကာလတစ်လျှောက်လုံး စပါးကောက်ပဲသီးနှံပေါ်ချိန်သည် တောင်သူဦးကြီးနှင့် မိသားစုများ အပျော်ရဆုံးအချိန်ဖြစ်ပေသည်။
အချိန်အခါမဟုတ် မိုးရွားသွန်းမှုကြောင့် မိုးမိပြီး စပါးများ အရည်အသွေးကျဆင်းလျက် ဈေးနှုန်းကောင်းကောင်းမရနိုင်သည့်အတွက် မျှော်လင့်ချက်ပျက်နိုင်သည်ကို သတိပြုရမည် ဖြစ်ပေသည်။
ကျေးလက်နေတောင်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များတွင် ခေတ်မီစက်ကိရိယာများအသုံးပြု၍ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ထွန်စက်များနှင့် ရိတ်သိမ်း ခြွေလှေ့စက်များ အသုံးပြုရန်လိုအပ်ပေသည်။
သို့ဖြစ်ရာ စပါးအလေအလွင့်နည်းပါးစေရန် တလင်းပျောက် စနစ်ကိုကျင့်သုံးပြီး ခေတ်မီစပါးခြွေလှေ့စက်များဖြင့် ရိတ်သိမ်း ခြွေလှေ့ပြီး စပါးများ အမိုးအကာအောက် အမြန်ရောက်ရှိရေး ဆောင်ရွက်စေချင်ကြောင်း။ ။