နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားများ"လူကြီး၊ လူငယ်များအတွက် အကျိုးရှိလိမ့်မယ် လို့ မျှော်လင့်မိပါတယ်" မနွဲ့ရီ (မဟာဝိဇ္ဇာ)

ရန်ကုန်  နိုဝင်ဘာ  ၁၄


ပြည်သူများအကြား မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများကို လေးစား အသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ် အတွက် အမျိုးသားစာပေဆုကို ရွေးချယ်ထုတ်ပြန် ခဲ့ရာ၌ ဆုရရှိသော စာရေးဆရာကြီးများကို တွေ့ဆုံမေးမြန်ခဲ့သည်။


ဒေါ်နွဲ့နွဲ့ရီ မနွဲ့ရီ(မဟာဝိဇ္ဇာ) နိုင်ငံရေး "ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး သဘောတရား အမြင်များစာအုပ်နဲ့ စာ‌ပေဆုကို ပထမဆုံး ရရှိတာပါ။  ကျွန်မကိုယ်တိုင်လည်း ဘီအေ တန်းက ၄ နှစ်၊ မဟာတန်းက ၂ နှစ်ပေါ့၊ ၆  နှစ်လုံးလုံး နိုင်ငံရေးနဲ့ Political Science ကို သင်ယူခဲ့ရတာဆိုတော့ ကျွန်မ ဆရာမဖြစ်ပြီး တော့လည်း နိုင်ငံရေးဘာသာရပ်ကိုပဲ ပြန်ပို့ချ ခဲ့ပါတယ်၊ ဒီတော့ ခေါင်းဆောင်ကြီးတွေရဲ့ အတွေးအခေါ်တွေနဲ့ အမြဲတမ်းထိတွေ့နေရတာ ဖြစ်တဲ့အတွက် ကျမ်းတင်တဲ့အခါ ကျတော့လည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေထဲကပဲ တင်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရေးသားဖြစ်တာ ဖြစ်ပါ တယ်။  ဒါ‌ပေမယ့် ခေါင်းစဉ်ကျတော့ ကမ္ဘာ့ နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး သဘောတရားကို တင်ပြခြင်းဆိုပြီး အရမ်း ကျယ်ပြန့်နေတာ ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံး မှာရှိတဲ့ ခေါင်းဆောင်တွေထဲကနေ တစ်ယောက် ကို ကျွန်မ စိတ်နဲ့ရွေးရပါတယ်။ 


သူတို့စာအုပ်တွေ ပုဂ္ဂိုလ်ရေးရာအကြောင်း တွေနဲ့ အတွေးအခေါ်တွေအပါအဝင် သူတို့ လုပ်ရပ်တွေကို ကောက်သိမ်းလိုက်တဲ့အခါ ကျတော့လည်း ခက်ခဲမှုတွေက အများကြီးရှိခဲ့ ပါတယ်။ အဲဒီတော့ ပြန်ဆန်းစစ်တဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ခေါင်းဆောင်က အသက်အငယ်ဆုံး ဖြစ်ပြီး တော်လည်းတော်တယ်။ ပြီးတော့ သူ့အကြောင်းကိုလည်း ကျွန်မတို့ ငယ်စဉ်ဘဝ ကတည်းက သင်ယူခဲ့ရတာဆိုတော့ အကြောင်း ထက်ဝက်လောက်က သိပြီးဖြစ်နေပြီလေ၊ သူကိုယ်တိုင်ပြောခဲ့တဲ့ မိန့်ခွန်း၊ ရေးခဲ့တဲ့စာပေ တွေက အခိုင်အမာတွေရှိတာမို့ ဗိုလ်ချုပ်ကိုပဲ ကျွန်မရွေးပြီး ကျမ်းပြုစုခဲ့ခြင်းဖြစ်ပါတယ်၊ ကျမ်းပြုစုတာမှာလည်း သက်တမ်းသုံးနှစ် လောက် ကြာခဲ့ပါတယ်။


လွတ်လပ်ရေးဆုံးရှုံးပြီးနောက်ပိုင်း လွတ်လပ် ရေးရရှိဖို့အတွက် တစ်ပြည်လုံးက ကြိုးစားခဲ့ကြ တယ်။ အင်အားကြီးရင်ကြီးသလို၊ ငယ်ရင်ငယ် သလိုပေါ့၊ ဒါပေမယ့် လွတ်လပ်ရေးကို မရခဲ့ ကြပါဘူး၊ ဗိုလ်ချုပ်တို့ နိုင်ငံရေးသမားတွေက ကျားကွက်ဆင် ဆင်းလာတဲ့အချိန်ကျမှ ကျွန်မတို့ တွေ နှစ်တိုတိုနဲ့ လွတ်လပ်ရေးကို အရယူနိုင် ခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ဒီခေါင်းဆောင်ကြီး ရဲ့ ခြေလှမ်းတွေက ခြေလှမ်းတိုင်း မမှားဘူး၊ လုပ်ရပ်တွေက လုပ်ရပ်တိုင်းမမှားဘူး၊ စကား တွေက စကားတိုင်းမမှားဘူး၊ အဲဒီတော့ အင်္ဂလိပ် ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ဂျပန်ခေါင်းဆောင် တွေပဲဖြစ်ဖြစ် ဘယ်ခေါင်းဆောင်လာလာ လက်ဖျားခါလောက်တဲ့အထိ ဗိုလ်ချုပ်တို့ကို မချီးကျူးဘဲလည်း မနေနိုင်ကြပါဘူး။


လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းလည်း သူတို့ ရေးသားခဲ့တဲ့ စာအုပ်တွေက သက်သေခံနေ ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီခေါင်းဆောင်ကြီးရဲ့ လုပ်ရပ်တွေမှာ သတ္တိ၊ ဗျတ္တိ၊ ရိုးသားမှုတွေ၊ အင်မတန်စုံလင်တဲ့ အင်္ဂါရပ်တွေနဲ့  သတ္တိသွေး တွေရှိတယ်ဆိုတာကို မြင်ရတော့ ဘာပဲဖြစ်ဖြစ် လူငယ်တွေ အတုခိုးနိုင်မယ်၊ လုပ်နိုင်မယ်ဆိုရင် အမှားအယွင်းလည်းနည်းပြီး အကျိုးရှိကြလိမ့် မယ်လို့ မျှော်လင့်မိပါတယ်၊ ဗိုလ်ချုပ် အသက် ၃၀ နှစ်အရွယ်ဖြစ်တဲ့ လွတ်လပ်ရေး အရယူခဲ့စဉ် အခါကတည်းက ပြောခဲ့တဲ့စကားတွေဟာဆိုရင် ခုမျက်မှောက်ခေတ်ထိ မှန်ကန်နေဆဲ၊ အတုယူ ရဆဲ ဖြစ်တာကြောင့် နောက်ပိုင်းမှာ လူကြီး၊ လူငယ်များအတွက်  အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ အတွက် ပထမဆုံး အံ့မခန်းခေါင်းဆောင်ကြီး ဖြစ်ပြီး လူထုကလည်း အံ့မခန်းချစ်ကြသလို အံ့မခန်းထောက်ခံကြတာကြောင့် သူ့လို လူမျိုး တွေ အမြဲပေါ်ပေါက်ပါစေလို့ ဆုတောင်းမိပါတယ်၊ အဲလို ပေါ်ပေါက်စေချင်လို့လည်း ဒီစာအုပ်ကို ကျွန်မအတော်ပင်ပင်ပန်းပန်း ကြိုးစားရေးသား ခဲ့တာပါ"ဟု ပြောကြားသည်။


ဆရာမကြီး‌ ဒေါ်နွဲ့နွဲ့ရီ မနွဲ့ရီ (မဟာဝိဇ္ဇာ)သည် ၁၉၄၅ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၌ အဘ(ဦးမောင်ကောက်ကြီး)၊ အမိ ဒေါ်ကြည်တို့မှ‌မွေးဖွားပြီး မွေးချင်း‌မောင်နှမကိုးဦး အနက်မှ အကြီးဆုံးဖြစ်သည်။ ငါးသိုင်း‌ချောင်းမြို့ ၌နေထိုင်ပြီး ငါးသိုင်းချောင်းအထက်တန်းကျောင်း ၌ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။


၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ကျုံပျော်မြို့စာစစ်ဌာနမှ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံမှ B.A ဘွဲ့‌ အောင်မြင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မဟာဝိဇ္ဇာတန်း တက်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး သဘောတရားအမြင်များ ကျမ်းပြုစု တင်သွင်း၍ မဟာဝိဇ္ဇာတန်းအောင်မြင်ပြီး ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။


၁၉၇၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ရန်ကုန် လုပ်သားများ‌ကောလိပ်တွင် နည်းပြဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် R.L အောင်မြင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဗဟိုတရားရုံး ရှေ့နေ အသိအမှတ်ပြုခံရသည်။ မိသားစုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် တွင် နေထိုင်လျက်ရှိသည်။






အခြားဆက်စပ်သတင်းများ