နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လောကဓမ္မနှစ်ဖြာသော အကျိုးပြုသူများ

ယနေ့ကာလ၌ ရပ်ရွာများတွင် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များ ပိုမိုလုပ်ဆောင်လာကြသည်ကို တွေ့ရပေသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရပ်သူရွာသားများ ချစ်ခင်ရင်းနှီးမှု၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးပွားစေသည်။ မိမိတို့ရပ်ရွာတွင် အသင်း အပင်းဖွဲ့ကာ ကောင်းသောအပြုအမူများကို ပြုကြသည်မှာ အကျိုးကျေးဇူး များလှပေသည်။


တစ်ဦးနှင့် တစ်ဦး အချင်းချင်းကြား ရိုင်းပင်းကူညီ၊ ဖေးဖေးမမ နှင့် နွေးထွေးမှုပေးတတ်ခြင်းသည် လူမှုနယ်ပယ်၏ လူသားပီသမှု သင်္ကေတလက္ခဏာတစ်ခု ဖြစ်ပေသည်။


မိမိတို့နိုင်ငံတွင်လည်း လူတစ်ဦးလူတစ်စုမှသည် အဖွဲ့အစည်း တစ်ခုစသဖြင့် တူရာတူရာစုစည်းကာ ကူညီပံ့ပိုး၍ လောကအကျိုး သယ်ပိုးနေကြသူများ၊ အဖွဲ့အစည်းများ အများအပြားရှိနေသည်။ နာရေး၊ သာရေး၊ လူမှုရေးလုပ်ငန်းများ မေတ္တာကိုအခြေခံသည့် ဘာသာတရားအဆုံးအမအောက်မှ မြန်မာ့လူ့အဖွဲ့အစည်း၏ ရိုင်းပင်းကူညီမှု စိတ်ဓာတ်ကောင်းများပင် ဖြစ်သည်။


မြန်မာတို့၏ ရပ်သူရွာသားများဘဝကား အဖိုးတန်လှပေသည်။ အဖိုးတန်လှသော ဘဝများကို လူတိုင်းခံစား၊ စံစားနိုင်ရေးအတွက် မသိနားမလည်သူ အသိလွှဲမှားသူတို့ကို အသိမှန်၊ အကျင့်မှန်၊ အယူမှန်သော သမ္မာဒိဌိများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သင့် ပေသည်။


ယနေ့အချိန်အခါတွင် ရပ်ရွာများ၌ ဥပုသ်သီလ ဆောက်တည်ပွဲ၊ ဆွမ်းတော်ကြီးလောင်းလှူပွဲများ စသည့် ကောင်းသောအမှုများကို ရပ်ရွာအတွင်း စုပေါင်းဆင်နွှဲကြသည်မှာ ကြည်နှုးဖွယ်ကောင်းလှ ပေသည်။ မိမိရပ်ရွာအတွင်း သာသနာပြုလုပ်ငန်း၊ လူမှုကူညီရေး အဖွဲ့အစည်းများဖြင့် ကောင်းသောအမှုများကို ရပ်ရွာအတွင်း စုပေါင်းဆင်နွှဲကြသည်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုကို ရရှိစေပါသည်။


ရပ်ရွာအတွင်း သာရေး၊ နာရေး၊ ရာသီပွဲများ လူမှုရေးနှင့် အားကစားပွဲများတွင် အမှုကိစ္စအဝဝတို့ကို စုပေါင်းညီညာ ပါဝင် ဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင် ပူးပေါင်းဆောင်ရွက်ခြင်း သည် အစဉ်အလာကြီးမားသည့် မြန်မာတို့၏ ပင်ကိုစိတ်ရင်း ဓလေ့စရိုက်ပင် ဖြစ်သည်။ ရပ်ရွာဒေသများတွင် လောကဓမ္မ နှစ်ဌာန အကျိုးရှိပြီး ရပ်ရွာအကျိုးများကို ရပ်သူရွာသားတို့ စွမ်းပကားဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ပေသည်။


ယနေ့အခြေအနေတွင် ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက် ရာတွင် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်မှသာ ပြည်သူများ၏ လူမှုဘဝလုံခြုံအေးချမ်းမှုကို ရရှိမည်ဖြစ်သည်။ မိမိနိုင်ငံကို ချစ်မြတ်နိုးသော စိတ်ဓာတ်ကိုအခြေခံကာ တာဝန်သိမှု နှင့် တက်ကြွသောစိတ်ဓာတ်များဖြင့် ပူးပေါင်းကူညီ ဆောင်ရွက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ