မြန်မာနိုင်ငံရှိ ပြည်သူတို့၏သဘောသဘာဝနှင့် အနေအထား များအရ ပြည်သူတို့၏ နေ့စဉ်စားသုံးနေသော အစားအစာများကို ပြည်သူတို့ကိုယ်တိုင်အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စားသုံး ကြရမည်သာဖြစ်သည်။
ရှေးလူကြီးသူမတို့၏ ဆိုးရိုးစကားဖြစ်သည့် အစားမတော် တစ်လုပ်၊ အသွားမတော်တစ်လှမ်းဟူသည့် ဆုံးမစကားရှိခဲ့ဖူး သည်။ ပြည်သူတို့၏ နေ့စဉ်စားသုံးမှု ဘဝလူမှုဆောင်တာများတွင် ခေတ်မီစနစ်ကျနမှုများ လိုအပ်နေဆဲဖြစ်သည်။
မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝ အန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင်ပါဝင်သော ပိုးမွှား နှင့် အဆိပ်အန္တရာယ်ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျသုတေသနပြု ရှာဖွေစမ်းသပ်ဖော်ထုတ်ပြသနိုင်သဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်များစွာရရှိခဲ့ပါသည်။
လက်တွေ့ဘဝတွင် လူတို့အနေဖြင့် အလွယ်တကူနှင့် သက်သာမှုကို ရှာဖွေရယူစားသောက်တတ်မှုကြောင်း မဖြစ်သင့် မဖြစ်ထိုက်သည့်ဘေးထွက်ဆိုးကျိုးများ လူတို့တွင် ရရှိခံစားနေ ကြရသည်လည်း အမှန်ပင်ဖြစ်သည်။
ဆောင်းရာသီကာလတွင် မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်ကြ လေ့ရှိသည့် ကမ္ဘာတစ်ဝန်းမှ ဆောင်းခိုငှက်များ ယခုနှစ်ဆောင်း ရာသီတွင် ယခင်နှစ်များကထက်ပိုမိုလာရောက်နိုင်ကြောင်း ဆောင်းခိုငှက်များ လာရောက်မှုကို နှစ်စဉ်စောင့်ကြည့်လေ့လာ သည့် ဒေသခံငှက်ကြည့်ဝါသနာရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံသို့ ကြက်၊ ငှက်တုပ်ကွေးရောဂါကူးစက်မလာစေ ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများက အသိပေးထားသည်။ ကြက်၊ ငှက်တုပ်ကွေးရောဂါသည် ရောဂါ ဖြစ်ပွားနေသော ကြက်၊ ငှက်ထွက်ပစ္စည်းများမှတစ်ဆင့် လူသို့ ကူးစက်သေဆုံးနိုင်သောရောဂါဖြစ်သည်။
ဆောင်းခိုငှက်များနှင့် အိမ်မွေးကြက်၊ ငှက်၊ ဘဲ၊ ငုံးများ ဆက်စပ်ထိတွေ့မှုမရှိစေရေးဂရုပြုဆောင်ရွက်ရန် ကြက်၊ ငှက်၊ ဘဲ၊ ငုံးစသည့် ကြက်၊ ငှက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ငှက်မွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ အရှင်ချေးများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်း၊ စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ကြက်၊ ငှက်၊ မွေးမြူရေးခြံအတွင်းဝင်ရောက်ပါက နှာခေါင်းစည်း လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင် ရန်၊ ကြက်၊ ငှက်များကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှ ထွက်သည့်အခါ တိုင်း၊ ဆပ်ပြာဖြင့်လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများဆောင်ရွက်ရန်၊ ကြက်၊ ငှက်၊ အသား၊ ဥစသည်များ သေချာစွာချက်ပြုတ်စားသုံးရန်၊ ကြက်၊ ငှက် များ ပုံမှန်မဟုတ် သော ရုတ်တရက်သေဆုံးကြောင်း ကြားသိရပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ကို ချက်ချင်းသတင်းပို့ရန် လိုအပ် ပေသည်။
ကြက်၊ ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ရောဂါ စူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ။ ။