မေ ၃၀
တစ်နှစ်တစ်ကြိမ် မိုးရာသီရောက်မှသာ ပေါ်တတ်တဲ့ ဂုံမင်းပင် အကြောင်းကို လူသိနည်းပါတယ်။ သို့သော် ဂုံမင်းပင်ကို စားဖူးတဲ့သူများကတော့ မိုးရာသီရောက်တဲ့အခါ ဈေးထဲရောက်ရင် ဂုံမင်းကို ရှာတတ်ကြပါတယ်။ ချို၍ အနည်းငယ်ပူသော ဂုံမင်းဟာ မဆိုသလောက် စူးရှတတ ရနံ့လေးရှိပါတယ်။ ယင်းရနံ့နှင့် ပူတူတူအရသာလေး ဂုံမင်း၏ ဂုဏ်သတ္တိဖြစ်တာကြောင့်လည်း ဂုံမင်းကို ကြိုက်နှစ်သက်နေကြခြင်းဖြစ်ပြီး၊ မိုးဥတုရောက်တိုင်း ဂုံမင်းကို မျှော်ကြရပါတယ်။
ဂုံမင်းကို ရုက္ခဗေဒအမည်အရ Amomun Corynostachyum Wall လို့ခေါ်ပါတယ်။ ဂုံမင်းဟာ Zingiberaceae မျိုးရင်း ဖြစ်ပြီး၊ ပတဲကောကြီး၊ ပတဲကောလေး၊ နနွင်း၊ ဖာလာ၊ ငွေပန်းပင်၊ ကွမ်းစားဂမုန်း၊ မိဿလင်၊ ဂျင်း တို့နှင့် မျိုးရင်း ဆင်တူပါ တယ်။
(အပင်၏ ပုံသဏ္ဍာန်) နွယ်ပင်ဖြစ်ပါတယ်။ အရိုးမာ၍ နှလုံးပုံသဏ္ဍာန် အရွက်ဖြစ်ပါတယ်။ အရွက် မှာ အစိမ်းနုရောင် ဖြစ်ပြီး၊ အရွက်အပေါ်မှာ အမွေးနုကလေးတွေ ပါရှိနေကြပါတယ်။ အရိုးတံများကို ချိုးကြည့်တဲ့ အခါ၊ အစေးဖြူများ ထွက်ရှိပါတယ်။ အပွင့်ဝါကလေးများ အခိုင်လိုက်ပွင့်တတ်ပါတယ်။ သေးငယ်သော အသီးမှည့်ကလေးများ ရှိကြပါတယ်။
(ပေါက်ရောက်ရာဒေသ) မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။
(ပေါက်ရောက်ပုံ) သဘာဝ အလျောက်ပေါက်ရောက်လေ့ရှိပြီး၊ မိုးရာသီမှာ အများဆုံး ပေါက်ကြပါတယ်။
(အသုံးပြုသည့်အစိတ်အပိုင်း) ပဉ္စငါးပါး (အသီး၊ အရွက်၊ အမြစ်၊ အပွင့်၊ ပင်စည်) တစ်ပင်လုံး အသုံးဝင် ပါတယ်။
(အာနိသင်) မြန်မာ့ဆေးကျမ်းအလိုအရ၊ ဂုံမင်းပင်သည် ချို၏။ အနည်းငယ်ပူ၏။ သွေးကိုကြွစေ၏။ ဝမ်းမီးကို စဉ်းငယ်တောက်စေတတ်၏။ ပြုတ်၍တို့လျှင် ချို၊ ဖန် အရသာရှိ၏။ ချုပ်၏ ဟု ညွှန်းဆို ထားပါတယ်။
ဂုံမင်း ပင် နှင့် ကျန်းမာရေး။
ခံတွင်းပျက်၍ စားမကောင်း၊ သောက်မကောင်းဖြစ်ခြင်းအတွက်၊ ဂုံမင်းပင်၏ အမြစ်ကို ဆား နှင့် သွေးပြီး လျှာရင်းအထိ နှိုက်၍ ပွတ်လိမ်းပေးခြင်းဖြင့် ခံတွင်းလိုက်လာပြီး ပြန်လည်၍ စားသောက် ကောင်းလာစေ ပါတယ်။
ဂုံမင်းသီးကို သနပ်ခါးတုံးနှင့်အတူ ရောသွေး၍ လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်က ဝက်ခြံများကို ပျောက်စေပါ တယ်။ အရေပြားပေါ် ကြက်ဖင်ပေါက်ခြင်း၊ ပြုတ်ထခြင်း နှင့် အသားအရေကြမ်းထော်ခြင်းတို့အတွက်ကိုလည်း ဤနည်းအတိုင်း လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။ ဂုံမင်းသီး နှင့် တောင်နံကြီးကို သွေး၍ ရင်ဘတ်ကိုလိမ်းပေးပါက အဆုတ်ရောင်ရောဂါကို သက်သာ စေပါတယ်။
ဂုံမင်းပင်၏ အမြစ်ရင့်ရင့် ၂၅ ကျပ်သားကို ထောင်း၍ ဆန်ဆေးရည် တစ်ပိဿာဖြင့် အိုးသစ်တစ်လုံးတွင် စိမ်ပြီး၊ ထန်းလျက် ၁၀ ကျပ်သားကို ထုခြေ၍ ထည့်ပါ။ စမုန်မျိုးငါးပါး ၄ ပဲသားစီကို အဝတ်ဖြင့်ထုပ်၍ ယင်းစိမ်ရည် အိုးထဲသို့ ထည့်ပါ။ ပြီးရင် ယင်း စိမ်ရည်အိုးကို လုံအောင်ပိတ်ပြီး မြေကြီးမှာ ကျင်းတူး၍ သုံးရက်မြှုပ်ထားပါ။ သုံး ရက်ကျော်ရင် အိုးကိုပြန်ဖော်ပါ။ ရရှိလာသော ဆေးစိမ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှင့် တစ်ခါ သောက် တစ်လုံး နံနက်အိပ်ယာထ တစ်ခါ၊ ညအိပ်ယာဝင် တစ်ခါ သောက်ပေးပါ။
ထိုသို့သောက်ပေးခြင်းဖြင့် -
- မီးယပ်သွေးဆုံးရောဂါ၊
- တုပ်ကွေးဖျား၊
- ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ရှိစမှာ ခံစားရလေ့ရှိတဲ့ အော့အန်ခြင်း၊ တံတွေး တပျစ်ပျစ် ထွေးရခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။
ဝဲရောဂါ၊ နှင်းခူ၊ ရေယုန်၊ ပွေး၊ ညှင်း၊ တင်းတိပ်များအတွက် ဂုံမင်းသီး နှင့် နန်းလုံးကြိုင်တို့ကို အလေးချိန် ဆတူ ရောစပ်၍ မီးကျွမ်းအောင်ဖုတ်ပြီး နှမ်းဆီစစ်စစ်ဖြင့် သမအောင်နယ်ပါ။ ရလာသောဆေးကို ကော်ဖီဇွန်း နှစ်ဇွန်းခန့်ဖျော်၍ အရေပြားပေါ် လိမ်းပေးခြင်းဖြင့် ဝေဒနာများ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဂုံမင်း ဟင်းလျာများ
ဂုံမင်းကို ဟင်းချက်စားတဲ့အခါ အပေါ်ယံ အခွံတွေကို အထပ်ထပ်ခွာပြီး အတွင်းထဲက ဝါးစားလို့ရနိုင်တဲ့ နုနုလေးကိုသာ ချက်ရပါမယ်။ အပေါ်ယံအခွံကြမ်းတွေ အမာတွေကို ထည့်ချက်မိပါက စားလို့မရတဲ့အပြင်၊ ဟင်းရည်ထဲက အချို အရသာဓာတ်တွေကို ယင်းအကြမ်းဖတ်များက စုပ်ယူလိုက်တာကြောင့် ဟင်းအရသာ အချိုပေါ့သွားတတ်ပါတယ်။
အချို့က ဂုံမင်းကိုပြုတ်ကာ ငပိရည် အတို့အမြှုပ်အဖြစ်စားကြသလို၊ တချို့ကလည်း ချဉ်ပတ်စိမ်၍ စားကြပါတယ်။ ဂုံမင်းကို အလိုရှိသလောက် ပိုင်းဖြတ်ကာ ငရုတ်ကျည်ပွေ့ဖြင့် အသာထု၍ ပုစွန်ခြောက် (သို့မဟုတ်) မျှင်ငပိ၊ ကြက်သွန်ဖြူ နှင့် ငရုပ်ကောင်း အနည်းငယ်ခတ်ကာ မိုးရာသီအေးအေးမှာ ဟင်းခါး၊ ဟင်းချို ချက်သောက်လေ့ ရှိကြပါတယ်။
ဂုံမင်းကို ဓားဖြင့်စိပ်၍ ငါး၊ ပုစွန်တို့ဖြင့် ချက်၍စားနိုင်ပါတယ်။ ဂုံမင်းပင်အမြစ်ကို ပြုတ်ပြီး မျှစ်ကဲ့သို့ထွင်၍ သား၊ ငါး၊ ပုစွန်တို့ဖြင့် ကြော်၍ လည်းစားသောက်ကြပါတယ်။ဂုံမင်း၏ အနံ့ အရသာက ထမင်းမစားနိုင်သော သက်ကြီးရွယ်အိုများအတွက် ခံတွင်းပွင့် နှုတ်မြိန်စေပါတယ်။
အချုပ်အားဖြင့်ဆိုသော် ဂုံမင်းက မိုးရာသီတွင် အဖြစ်များသော အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာကို နိုင်စေတဲ့အပြင် ချွဲသလိပ် ကျေစေပြီး၊ အသက်ရှုလမ်းကြောင်းနဲ့ အဆုတ်ကို သန့်စင်စေပါတယ်။ ထိုကဲ့သို့ အစွမ်းသတ္တိနှင့် ပြည့်စုံသော ဂုံမင်း၏ ရုက္ခမူလဓာတ်သဘောများက COVID-19 ဗိုင်းရပ်စ်ပိုးကို တစ်ဖက်တစ်လမ်းက ခုခံနှိမ်နင်းပေးနိုင်စွမ်း ရှိပါတယ်။ ထို့ကြောင့် ချိုပူရှ သုံးမျိုးပေါင်း အရသာထူးကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဂုံမင်းကို မိုးရာသီစာ ဆေးဖက်ဝင် ဟင်းလျာအဖြစ် စားသုံးနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။
(ပေါက်ပေါက်)