နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲတပ်ဖွဲ့ဝင်၏ Tik Tok ဗီဒီယိုကြောင့် နှစ်နှစ်ကြာ ပျောက်ဆုံးနေသည့် ဖခင်ကို ပြန်လည်တွေ့ရှိ

မေ ၂၉၊ နယူးဒေလီ


ဆင်းရဲနွမ်းပါးသူများကို ကူညီကြရန် တွန်းအားပေးသည့် ရဲအရာရှိတစ်ဦး၏ Tik Tok ဗီဒီယို ကြောင့် သားသမီးများက နှစ်နှစ်ကြာ ပျောက်ဆုံးနေသည့် ဖခင်ကို ပြန်လည်တွေ့ရှိခဲ့သည်။ နှစ်နှစ်ကျော် ပျောက်ဆုံးနေသည့် ဗန်ကာတီရှဝါလူမှာ ယင်း၏နေအိမ်နှင့် ၁၂၄၂ မိုင် ကွာဝေးသည့် ခုံးကျော်တံတားတစ်ခုအောက် ရောက်နေကြောင်း Tik Tok ဗီဒီယိုတွင် တွေ့ရှိခဲ့သည်။ ဗန်ကာတီရှဝါလူသည် ၂၀၁၈ ခုနှစ် ဧပြီလက အခြားရွာတွင် အလုပ်လုပ်ရန်အတွက် ထရပ်ကားပေါ် လိုက်ပါပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ 


ဗန်ကာတီရှဝါလူမှာ ကားပေါ်တွင် အိပ်ပျော်သွားခဲ့ပြီး ကားသမားကလည်း ယင်း လိုက်ပါလာခြင်းကို သတိမထားမိခဲ့ပေ။ ဆင်းရမည့်နေရာကို ကီလိုမီတာများစွာ ကျော်လွန်ခဲ့ပြီးနောက် ဗန်ကာတီရှဝါလူကို သတိထားမိခဲ့သည့် ယာဉ်မောင်းက ယင်းကို လမ်းလယ်ခေါင်တွင် ချထားခဲ့ပြီး မောင်းထွက်သွားခဲ့သည်။ မရောက်ဖူးသည့်နေရာတွင် တစ်ဦးတည်း ယောင်လည်လည်ဖြစ်နေသည့် ဗန်ကာတီရှဝါလူမှာ ကားကြုံလိုက်စီးပြီး အိမ်ပြန်ရန် တွေးခဲ့သည်။ ကားတစ်စီးက ယင်းကို တင်ခေါ်ခဲ့သော်လည်း ယင်း၏အိမ်ရှိရာနှင့် ဆန့်ကျင်ဘက်သို့ မောင်းနှင်ခဲ့ခြင်းဖြစ်၍ အိမ်နှင့်ပိုဝေးရာ ရောက်သွားခဲ့သည်။ 


ပန်ဂျပ်ပြည်နယ်သို့ ရောက်ရှိသွားသည့် ဗန်ကာတီရှဝါလူမှာ ပန်ဂျပ်ဘာသာစကား မပြောတတ်ခြင်းကြောင့် ပြောဆိုဆက်သွယ်ရန် အခက်အခဲကြုံခဲ့ပြီး ဒေသခံများ ကျွေးမွေးလှူဒါန်းမှသာ စားသောက်ရသည့် အခြေအနေဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရန် ပိတ်ဆို့မှုလုပ်လိုက်ချိန်တွင် ပန်ဂျပ်ရဲတပ်ဖွဲ့မှ ရဲတပ်သား အာဂျစ်ဆင်းမ်က လူဒီယာနာမြို့တစ်ဝိုက်ရှိ ဆင်းရဲသားများနှင့် ရွှေ့ပြောင်းနေထိုင်သူများကို အစားအသောက်နှင့် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ လှူဒါန်းပေးခဲ့ပြီး လှူဒါန်းမှုပုံရိပ်များကို ဗီဒီယိုရိုက်ကာ Tik Tok ပေါ်တင်ခဲ့ရာ ကြည့်ရှုအားပေးသူ ၈၀၀၀၀၀ ကျော် ရှိခဲ့သည်။ ပြီးခဲ့သည့်မတ်လက တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ဗန်ကာတီရှဝါလူ၏ ပုံရိပ် ပါဝင်ခဲ့ရာ ဗန်ကာတီရှဝါလူ၏ မိတ်ဆွေတစ်ဦးက အဆိုပါဗီဒီယိုကို ကြည့်မိခဲ့သည်။ ထို့နောက် ယင်းကို မှတ်မိသွားပြီး မိသားစုထံ အကြောင်းကြားခဲ့ရာ မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်ရခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ