နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေအောက်အနက်ရှိုင်းဆုံးအထိ ကူးခတ်နိုင်သည့် ရေဘဝဲတစ်ကောင်ကို တွေ့ရှိ

မေ ၂၉၊ လန်ဒန်


အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်တွင် နေရာချထားသည့် ကင်မရာများက ရေအောက်အနက်ဆုံးနေရာတွင် ကူးခတ်နေသည့် ရေဘဝဲတစ်ကောင်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါ  ရေဘဝဲကို ဂျာဗားချောက်၏ ရေအောက်အနက် မီတာ ၇၀၀၀ တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခင်စံချိန်ဟောင်းထက် ၂ ကီလိုမီတာနီးပါး ပိုနက်ကြောင်း သိရသည်။ အဆိုပါရေဘဝဲမှာ ဒမ်ဘိုရေဘဝဲမျိုးစိတ်ဖြစ်သည်ဟု သုတေသီများက ဆိုသည်။ မျက်လုံးနားတစ်ဝိုက်တွင် နားရွက်နှင့်တူသည့် ဆူးတောင်များရှိခြင်းကြောင့် ဒစ္စနေးကာတွန်းဇာတ်ကောင်နှင့် တူသည့်အတွက် ဒမ်ဘိုရေဘဝဲဟု အမည်ပေးထားခြင်းဖြစ်သည်။ ဒေါက်တာအလန်ဂျာမီဆန်က သမုဒ္ဒရာကြမ်းပြင်အထိ ဆင်းသက်ရေးကိရိယာ(Lander)များ အသုံးပြုပြီး ရေအောက်အနက်ပေများပြားလွန်းသည့်နေရာတွင် စူးစမ်းရှာဖွေခဲ့ခြင်းဖြစ်သည်။ ကင်မရာတပ်ဆင်ထားသည့် ငြမ်းစင်များကို သုတေသနသင်္ဘောများတွင် တင်ဆောင်ပြီး သမုဒ္ဒရာကြမ်းပြင်အောက် နေရာချကာ ဖြတ်သန်းသွားလာသည့် သတ္တဝါများကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြစ်သည်။


ဒေါက်တာအလန်ဂျာမီဆန်၏ ကိရိယာများတွင် ရေဘဝဲနှစ်ကောင်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့သည်။ ရေဘဝဲတစ်ကောင်မှာ ရေအောက်အနက် ၅၇၆၀ မီတာတွင် ကူးခတ်နေခြင်းဖြစ်ပြီး နောက်တစ်ကောင်မှာ ၆၉၅၇ မီတာတွင် ကူးခတ်နေခြင်းဖြစ်သည်။ ရေဘဝဲများအနေဖြင့် ဖိအားများလွန်းသည့် ရေအောက်ကြမ်းပြင်တွင် ရှင်သန်နေထိုင်နိုင်ရန်အတွက် ခန္ဓာကိုယ်ရှိ ဆဲလ်များကို လိုက်လျောညီထွေဖြစ်အောင် အသွင်ပြောင်းလဲနိုင်ရမည်ဟု ဒေါက်တာအလန်ဂျာမီဆန်က ဆိုသည်။ ရေဘဝဲ၏ဆဲလ်များမှာ ဘောလုံးပုံစံဖြစ်ရာ ဖိအားခံစားရပါက ပုံစံပျက်သွားနိုင်ခြင်းကြောင့် ဆဲလ်များကို စက်လုံးပုံအတိုင်း ပုံစံမပျက် ထိန်းထားနိုင်စေရန်အတွက် ထက်မြက်သည့်ဇီဝဓာတုပစ္စည်းများ ထုတ်လုပ်နိုင်ရန် လိုအပ်သည်ဟု ယင်းက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ