သမစိတ်ဓာတ်ဟူသည် ဖြောင့်မတ်သော မှန်ကန်သော ရိုးသားသော စိတ်ဓာတ်ပင်ဖြစ်၏။ သမစိတ်ဓာတ်သည်လျှင် လုပ်ကိုင်မှုအားလုံးအတွက် ဖြောင့်မတ်မှန်ကန်သော လမ်းကြောင်း ကို ဖော်ဆောင်ပေးနိုင်သည်။ လူတိုင်းလူတိုင်း အစွဲလေးရှိကြသည်။ အယူအဆအစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ စသည်ဖြင့် ရှိကြ၏။ ထိုအစွဲတို့အနက် ငါစွဲခေါ် အတ္တစွဲသည် အဆိုးဆုံးဖြစ်၏။ အတ္တစွဲ သည် သမစိတ်ကို ပျက်စီးစေ၏။
သမစိတ်ဓာတ်သည် စိတ်ကောင်း၊ နှလုံးကောင်းမှ လာ၏။ စိတ်ထားဖြူစင်အောင် ဦးစွာထားသင့်၏။ သို့မှသာအကြောင်းအရာ တစ်ခုပေါ်တွင် ချင့်ချိန်နိုင်၏။ သမစိတ်ဓာတ်ထားပြီး လုပ်ကိုင် ဆောင်ရွက်ကြသဖြင့် အချင်းချင်းအပြန်အလှန်လေးစားကြ၏။ ချစ်ခင်လေးစား၊ ယုံကြည်မှု၊ အားကိုးမှုတို့ကိုလည်း တည်ဆောက် နိုင်၏။ သမစိတ်ဓာတ်သည် စည်းလုံးညီညွတ်ခြင်းကို ဖြစ်စေ၏။ ငါဟူသော အတ္တမာနကိုခဝါချပြီး တော်သင့်မှန်ကန်ဖြောင့်မတ် သည့် စိတ်ထားကို အစဉ်ထားရှိ မွေးမြူအပ်ပေသည်။
မရသင့်သည့်အရာကို ရလိုခြင်း၊ မပြောသင့်သည့်စကားကို ပြောမိခြင်း၊ မလုပ်သင့်သည့်အရာကို လုပ်မိခြင်း၊ မတောင်းဆိုသင့် သည့်အရာကို တောင်းဆိုခြင်းသည်ကား ပင်ပန်းလွန်းလှ၏။ မှန်ကန်သော ဉာဏ်အသိဖြင့် ဆင်ခြင်သုံးသပ်နိုင်မှ ဘဝအေးချမ်း နိုင်၏။
လူအများစုသည် ကိုယ်လုပ်တာမှ အဟုတ်ထင်ကြသည်။ ဤသည်မှာ သမစိတ်ဓာတ်အားနည်းပြီး အတ္တစိတ်လွန်ကဲခြင်း ကြောင့်ပင် ဖြစ်၏။ အလုပ်တစ်ခုကို အခြားလူတစ်ဦးက အချိန်ယူ လုပ်ကိုင်နေပါက နှေးကွေးသည်ဟု မြင်၏။
လူသည် အမှားအယွင်း ရှိတတ်ကြ၏။ အမှားကင်းသူဟူ၍ မရှိကြ။ အနည်းအများရှိ၏။ ထိုအခါ မိမိကိုယ်ကို ပြန်လည် ထိန်းကျောင်း တည့်မတ်ပေးရ၏။ မှန်ကန်သော အသိအဉာဏ်ဖြင့် လောကီ၊ လောကုတ္တရာ အကျိုးပေးနိုင်သည့် ဉာဏ်အသိတစ်လုံး ကို အစဉ်သုံးစေချင်သည်။
တာဝန်ခံမှုသည် အောင်မြင်မှုနှင့် ကျရှုံးမှုအကြား အဆုံးအဖြတ် ပေးသော အရာဖြစ်ရာ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ပါမှ ဆန်းစစ်၊ တွေးခေါ်ကျင့်ကြံမှုများ မြင့်မားစေချင်ကြောင်း။ ။