ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ အရာရာကို ပညာဖြင့် လုပ်ကိုင်နေကြသည်။ ပညာဖြင့် ဆုံးဖြတ်နေကြသည်။ ပညာသည် အရာရာကို ဖန်တီးနိုင်စွမ်းရှိသည်။ ပညာနှင့် စပ်လျဉ်း၍ ပညာ သည် လောက၏ရတနာဟု ဆိုနိုင်သည်။
သင်္ခါရလောက သဘောတရားအရ လောကတွင် မည်သည့် အရာမဆို ပျက်စီးခြင်းအဆုံး ရှိပေသည်။ ရတနာတို့သည်လည်း သင်္ခါရသဘောအရ ပျက်စီးသော ရတနာ၊ ကုန်ခန်းသောရတနာတို့ ဖြစ်သည်။ မကုန်ခန်းသောရတနာ သို့မဟုတ် သက်တမ်းအလွန်ရှည် သော ရတနာတို့လည်း ရှိသည်။ ယင်းရတနာသည် ပညာရတနာပင် ဖြစ်သည်။ ရုပ်ဝတ္ထု သက်ရှိသက်မဲ့တို့သည် ပျက်စီးခြင်းအဆုံး ဖြစ်သော်လည်း ပညာရတနာသည် ဖျက်ဆီးခြင်း၊ ပျက်စီးခြင်း မရှိသည့် ပရမတ်တရားဖြစ်ပေသည်။
ယနေ့လူငယ်များ ပညာရည်မြင့်မားမှ အနာဂတ်နိုင်ငံတော် လည်း မြင့်မားမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ်က ပို၍အရေးကြီးသည်။ ပညာရှာရာတွင် အသက် အရွယ်နှင့် အချိန်အခါက အကန့်အသတ်ရှိသည်။
ပညာသင်ကြားခြင်းက လူတစ်ဦးချင်းစီ၏ ဘဝတစ်သက်တာ ဖြစ်သလို နိုင်ငံတော်၏အနာဂတ်အတွက်လည်း ဖြစ်သည်။ ပညာနိမ့်ပါးသူတစ်ဦးမှာ ဘဝတွင်မြင့်မားရန် မမျှော်မှန်းနိုင်သည့် အပြင် ရပ်တည်ရန်ခဲယဉ်းပေမည်။ နိုင်ငံတွင် ပညာတတ်ရှားပါးပြီး အတတ်ပညာပိုင်း ကျွမ်းကျင်သူနည်းပါးပါက နိုင်ငံဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရာတွင် လွန်စွာခက်ခဲမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာနှင့်အဝန်း ကူးစက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပြည့် နှစ်ဦးပိုင်းမှ အသွားအလာ ကန့်သတ်မှုများကြောင့် ကျောင်းများကိုလည်း ပိတ်လိုက်ရသည်။ ယခုအခါ ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံမှု အထိုက်အလျောက် ရရှိလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုများ လျော့နည်းကျဆင်းလာချိန် တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါ အကြမ်းဖက်သမားတို့က တစ်ကျော့ပြန် ပြန်လည်ခြိမ်းခြောက် ဟန့်တားနှောင့်ယှက်မှု၊ ဖောက်ခွဲမှု၊ တိုက်ခိုက်မှုတို့ ပြုလုပ်လာကြပြန်ပြီ ဖြစ်သည်။
မိဘပြည်သူများ ဆရာ၊ ဆရာမများနှင့် ပြည်သူများအနေဖြင့် မိမိတို့ရင်သွေးတပည့်များ ပညာသင်ကြားမှုအခွင့်အလမ်းများ ဆက်လက်ရှင်သန်ရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် အဖျက်ရန်ကို ဝိုင်းဝန်းတားဆီးကာကွယ် ကြရမည်ဟု ဆိုချင်ပါကြောင်း။ ။