နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်

မြန်မာနိုင်ငံအပါအဝင် မည်သည့်နိုင်ငံမျှလွတ်လပ်ရေးကို လွယ်လွယ်ကူကူရရှိခဲ့ခြင်းမဟုတ်ပေ။ မြန်မာ့လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး မြောက်မြားစွာတို့ဖြင့် လဲလှယ်ခဲ့ကြရသည်။ မြန်မာတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် မြန်မာ့ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရယူနိုင်ခဲ့ သည်။ မြန်မာနိုင်ငံသားတို့သည် လွန်ခဲ့သော ၇၃ နှစ်မတိုင်မီက နယ်ချဲ့တို့၏ခြယ်လှယ်မှုအောက်တွင် ပြားပြားဝပ်ခဲ့ကြရသည်။ မလွတ်လပ်ခြင်း၏ ဆိုးကျိုးများကို ခံစားခဲ့ကြသည်။ 


လွတ်လပ်ရေးဆုံးရှုံးရ၍ ခါးသီးသည့်အတွေ့အကြုံများကို ကိုယ်တိုင်ကြုံတွေ့   ဖြတ်သန်းခဲ့ကြရသူများက  သိရှိနိုင်သည်။       လွတ်လပ်သောနိုင်ငံတွင်     နေထိုင်ကြသော ပြည်သူများသည် ခါးသီးသော   အတွေ့အကြုံများကို   ခံစားနိုင်မည်မဟုတ်ဘဲ           လွတ်လပ်ရေးဆုံးရှုံးရသည့်နိုင်ငံ၏ဖြစ်အင်များကိုလည်း သိရှိကြ  မည်မဟုတ်ပေ။   တိုင်းတပါးကို   အထင်ကြီးပြီး   ကိုယ့်လူမျိုး အချင်းချင်းမညီမညွတ်ဖြစ်ကြရသည်။


ယနေ့ကာလတွင်  စည်းကမ်းမူဘောင်အတွင်းမှ  လူတိုင်း၊ လူတိုင်း လွတ်လပ်ရေး၏အနှစ်သာရကို ကောင်းစွာခံစားနေကြ ရပြီဖြစ်သည်။ ကန့်သတ်ချုပ်ချယ်မှုမရှိ လွတ်လပ်ရေးအရသာကို ကောင်းမွန်စွာခံစားနိုင်ပေသည်။  သို့သော်    လွတ်လပ်ခြင်း၏ သဘောကို နားလည်မှသာ လွတ်လပ်ရေးကို ကာကွယ်နိုင်မည် ဖြစ်ပေသည်။ လွတ်လပ်ရေးဟူသည် ပေါ့ပေါ့တန်တန်သဘောထား လျှင် အလွယ်တကူဆုံးရှုံးနိုင်သည်။


လွတ်လပ်ရေးဆုံးရှုံးရသည့် ခါးသီးသည့် အတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များသိရှိနိုင်ရေးသည် အရေးကြီးသောအချက် ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းနှင့် သင်ခန်းစာများကို ဖော်ထုတ် ပေးနိုင်ရေးမှာ အရေးကြီးပေသည်။ သမိုင်းသင်ခန်းစာသည် နိုင်ငံ တောင့်တင်းခိုင်မာရေး၊ စည်းလုံးညီညွတ်ရေး၊ စည်ပင်ဝပြောရေး အတွက် ရယူရမည့်အချက်များဖြစ်သည်။ 


ယနေ့ကမ္ဘာရွာကြီးသို့ရောက်ရှိနေသော     အချိန်အခါတွင်        ရှေးခေတ်ကဲ့သို့ စစ်ရေးဖြင့်ကျူးကျော်ခြင်းမဟုတ်တော့။ ယဉ်ကျေးမှု အရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်း၊ နိုင်ငံရေး အရသော်လည်းကောင်း နယ်ချဲ့များက ကျူးကျော်နေ ကြသည်ကို သတိချပ်သင့်ပေသည်။


လွတ်လပ်ရေးရရှိအောင် တိုင်းရင်သားပြည်သူများ၏ အသက်၊ သွေး၊ ချွေး မြောက်မြားစွာပေးဆပ်ခဲ့ရသည့် သမိုင်းကြောင်းကို ဖော်ထုတ်ပေးနိုင်မှ မျိုးဆက်သစ်များအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရကို နားလည်ပြီး တိုင်းရင်းသားညီအစ်ကိုအပေါင်းတို့ သည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကို အစဉ် မွေးပြီး  လွတ်လပ်ရေးကြီး  တည်တံ့ခိုင်မြဲရေးအတွက် ထာဝရ  ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ပါကြောင်း ။    ။






အခြားဆက်စပ်သတင်းများ