နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဆိုးတန်း-ဒလ ခရီးသည်စီးနင်းမှုလျော့နည်းသော်လည်း ခေါက်ရေပြည့်တာဝန်ယူပြေးဆွဲနေ

ရန်ကုန် ဧပြီ ၂ ယခုအခါ ပန်းဆိုးတန်း-ဒလ ရေယာဉ်များတွင် ခရီးသည်စီးနင်းမှုလျော့နည်းလာသော်လည်း ခေါက်ရေ မလျှော့ဘဲ မူလအတိုင်း ခေါက်ရေပြည့်ပြေးဆွဲနေလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရ သည်။ “အခုက ခရီးသည်တွေ တော်တော်လျော့သွားတယ်။ အခု လေး၊ ငါးရက်ရှိပြီ။ နိုင်ငံခြားသား တစ်ယောက်မှ မလာတော့ဘူး။ ဟိုဘက်က တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ အဲ့ဒီဘက်ကလာတဲ့သူတွေ အကုန်လုံး အဆင်ပြေဖို့၊ ခရီးသည်တွေ သွားရေးလာရေးအဆင်ပြေစေဖို့ လုပ်ပေးနေတာပါ။ လိုင်းမသိမ်းဘူးပေါ့။ ခေါက်ရေလည်းမလျှော့ဘူး။ အဆင်ပြေအောင် ပုံမှန်အတိုင်းပြေးဆွဲပေးတယ်။ လောလောဆယ်အနေအထားအရ အရှုံးခံပြီးတော့ဆွဲရတာပေါ့နော်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ပန်းဆိုးတန်းဆိပ်ကမ်းမှ လက်ထောက် မန်နေဂျာ ဒေါ်ခင်ခင်နုက ရှင်းပြသည်။ လက်ရှိကာလတွင် ပုံမှန်အတိုင်း နာရီဝက်ခြားတစ်စင်းနှုန်းဖြင့် ရေယာဉ်နှစ်စင်းကို အသွား/အပြန် ပုံမှန်ပြေးဆွဲနေသလို တစ်စင်းလျှင် ၄၆ ခေါက်ဖြင့် နှစ်စင်းပေါင်း ၉၂ ခေါက်၊ ငါးသင်္ဘောတစ်စင်းမှ အသွား တစ်ခေါက်၊ အပြန်တစ်ခေါက် စုစုပေါင်း ၉၄ ခေါက်ပြေးဆွဲလျက်ရှိပြီး နံနက် ၅ နာရီခန့်မှ ည ၉နာရီကျော်အထိ ပြေးဆွဲပေးနေခြင်းလည်းဖြစ်သည်။ ထို့အပြင် လာမည့် သင်္ကြန်ကာလအတွက် အစီအမံများရေးဆွဲနိုင်ရန် ဆွေးနွေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။ “လောလောဆယ်မှာ ဝန်ထမ်းတွေအနေနဲ့ကလည်း ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့ကြားထဲကပဲ လုပ်ကိုင်နေကြတာပါ၊ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက်ကို မနားဘဲနဲ့ အချိန်ပြည့် တာဝန်ထမ်းဆောင် နေကြပါတယ်” ဟု ယင်းက ဆက်ပြောသည်။ ထိုရေယာဉ်လိုင်းတွင် ယခင်က တစ်ရက်လျှင် ပျမ်းမျှခရီးသည် ၂၈၀၀၀ ခန့် စီးနင်းကြသော်လည်း ယခုအခါ ၁၄၀၀၀ ဝန်းကျင်ခန့်သာ စီးနင်းနေကြောင်း၊ ခရီးသည်များအတွက် ဆိပ်ကမ်းများရှိ နားနေဆောင်များတွင် အသံချဲ့စက်များဖြင့် အဆက်မပြတ် အသိပေးကြေညာနေသလို လက်ဆေးစရာနေရာများထားခြင်း၊ ၃ ပေ အကွာ နေရာသတ်မှတ်ကာ နားနေနိုင်ရန်စီစဉ်ခြင်း စသည်တို့အပြင် ညအချိန်တွင် ဆိပ်ကမ်းတစ်ဝိုက် ခရီးသည်နားနေဆောင်များ ဆိပ်ခံတံတား၊ ဗောတံတားများ၊ ရေယာဉ်များတွင် ပိုးသတ်ဆေးများဖြန်းကာ လုပ်ဆောင် နေလျက်ရှိကြောင်း သိရသည်။ . (HK)






အခြားဆက်စပ်သတင်းများ