မျက်မှောက်ခေတ်ကမ္ဘာကြီးသည် ဆုတ်ကပ်အတွင်းရောက် နေပြီဖြစ်သည်။ သိပ္ပံခေတ်သည် တိုးတက်ခဲ့သည်မှန်သော်လည်း လူတို့၏ ကျင့်ဝတ်သိက္ခာစောင့်စည်းမှုအားနည်းခြင်းကြောင့် ရောဂါများထူပြောခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ အစာရေစာရှားပါး ခြင်းစသော ဘေးပယောဂများကျရောက်လျက်ရှိသည်။
ကျွန်ုပ်တို့လူသားအားလုံးသည် ပုထုဇဉ်များဖြစ်ကြရာ အမျက် ဒေါသအမိုက်အမှောင်တရားအနည်းနှင့်အများရှိကြ၏။ အမျက် ဒေါသကိုစွန့်ပယ်နိုင်လျှင် မည်သည့်အခါမှဝမ်းမနည်းရ ဟု လောကနီတီကဆိုသည်။ အမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် ဝမ်းနည်းဖွယ်ရာအဖြာဖြာကို ရှောင်ကြဉ်နိုင်၏ ။
အမျက်ထွက်သောသူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင် ၏။ တစ်နည်းအားဖြင့် မေတ္တာဖြင့်အောင်ရာ၏ ။ ဤကား သည်းခံ ခြင်းတရားပင်ဖြစ်၏ ။ တစ်ဖန်သူ့ကျေးဇူးကိုပယ်ဖျက်တတ်သည့် စိတ်ဆိုး၊ စိတ်ယုတ်တို့ကို ပယ်စွန့်သောသူကို သူတော်ကောင်းတို့ က ချီးမွမ်းကြကုန်၏ ။ လူခပ်သိမ်းတို့၏ ကြမ်းတမ်းသောစကားကို သည်းခံကြကုန်လော့။ ဤသည်းခံခြင်းကို မြင့်မြတ်သောတရားဟူ ၍ သူတော်ကောင်းတို့ပြောဆိုကြကုန်၏ ။
ယင်းသို့ဆိုသော် အမျက်ဒေါသကိုထိန်းချုပ်ခြင်းသည် အကောင်းဆုံးရလဒ်ပင်ဖြစ်သည်။ ယနေ့ဖြစ်ပျက်နေသော အကြောင်းတရားများကို လေ့လာကြည့်ပါက အများစုမှာ လောဘ၊ ဒေါသတို့ကြောင့် ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ်များလူသားတို့၏ နာကျင်ခံစားရမှုများဖြစ်ပွားရသည်ကို တွေ့ရပေ၏ ။
အသေအချာဆန်းစစ်ကြည့်သော် အမျက်ဒေါသကြောင့်ပင် ဖြစ်၏ ။ အမျက်ဒေါသသည် မကောင်းပါ။ ဒေါသသည် အမှားပါတတ် ၏ ။ ထို့ကြောင့် လူသားတိုင်းအမျက်ဒေါသကို ထိန်းချုပ်ခြင်းဖြင့် အမျက်ဒေါသကိုအနိုင်ယူနိုင်၏ ။ အမျက်ဒေါသကို ထိန်းချုပ်နိုင် သောသူကို သူတော်ကောင်းတို့ချီးမွမ်းကြကုန်၏ ။
မိမိမလိုလားအပ်သောအရာတို့အပေါ် ချုပ်တည်းခြင်းသည် ထာဝရပျော်ရွှင်ခြင်းကိုဖြစ်စေ၏ ။ လောဘ၊ ဒေါသ၊ မောဟတို့ကို ချုပ်တည်းလိုက်ခြင်းကြောင့် ထာဝရပျော်ရွှင်ခြင်းကိုရစေ၏ ။ လောဘ၊ ဒေါသ၊ မောဟမီးတို့ကို မချုပ်တည်းနိုင်ပါက စိတ်လည်း ကြမ်း၊ ကိုယ်လည်းကြမ်းပေလိမ့်မည်။ စိတ်ကြမ်းလျှင် ကိုယ် လည်းကြမ်း၏ ။ စိတ်ထောင်းကကိုယ်ကြေ၏ ။
လောဘ၊ ဒေါသ၊ မောဟ ကင်းစင်ခြင်းသည် စစ်မှန်သော စိတ်ပျိုခြင်းဖြစ်အောင် နေထိုင်ခြင်းဖြစ်ပြီး အမျက်ဒေါသကို လျှော့ချနိုင်သဖြင့် ကြီးပွားတိုးတက်ကြကုန်၏ ၊ ကိုယ်ချင်းစာတရား အရင်းခံသည့် မေတ္တာတရားဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကို အစဉ်စောင့်ထိန်းလိုက်နာစေ ချင်ကြောင်း။ ။