နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခန္ဓာသန်စွမ်း စိတ်ရွှင်လန်းရန် လမ်းလျှောက်ပါ

မိုးသည် တဖြည်းဖြည်းရွာသွန်းမှုကျဲလာ၏။ မိုးသည်း လာလိုက်၊ နေပူတစ်လှည့်ဖြင့် မုတ်သုံမိုး ဆုတ်ခွာရန် ဟန်ပြင်လာ ၏။ တော်သလင်းနေ ပုစွန်သေ၊ တော်သလင်းမိုး ကန်သင်းကျိုး ဆိုရိုးစကားကဲ့သို့ စိုတစ်ခါ၊ ခြောက်တစ်လှည့်ဖြစ်နေ၏။


ရာသီအကူးအပြောင်းတွင် ကျန်းမာရေးကိုလိုက်စားသော လူငယ်၊ လူရွယ်တို့ နံနက်ခင်း ခပ်စောစောမှာ သွားသွားလာလာ လှုပ်လှုပ်ရှားရှားလမ်းလျှောက်သူများ ပေါများ၏။ အင်းလျား ကန်ပေါင်၊ ကန်တော်ကြီးပတ်လမ်းတို့တွင် လူငယ်၊ လူရွယ်များ လူလတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများတို့ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသည်။ ကိုယ်လက်လှုပ်ရှားမှုပြုနေကြသည်။ 


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူ လူထုအနေဖြင့် နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဂရုပြုပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်။


ကျန်းမာရေးကိုလိုက်စားရာတွင် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု (သို့မဟုတ်) လမ်းလျှောက်ခြင်းပြုလုပ်ခြင်းပင် ဖြစ်၏။ လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်ခန့် လျှောက်သင့် သည်ဟု ပညာရှင်တို့က ဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သားများကို သန်မာအားကောင်းစေသည်။ အရိုး၊ အဆစ် တို့ကို သန်မာစေနိုင်သည်။ ထို့ကြောင့် လမ်းများများလျှောက်ခြင်း သည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းကောင်းတစ်ခုပင် ဖြစ်၏။ 


အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွား အများစုသည် ငယ်ရွယ်စဉ်ဘဝမှအစပြုကာ ကျန်းမာရေး ကို လိုက်စားခဲ့ကြသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်သည်ဟု သုတေသီများက မကြာခဏ ပြောဆိုလျက်ရှိပေသည်။


အချို့အသက်ရှည်သော အဘိုး၊ အဘွားတို့သည် ကျန်းမာရေး အတွက် သီးသန့်လေ့ကျင့်ခန်းများ မပြုလုပ်ကြသော်လည်း လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု အလုပ်များကို များများလုပ်နေခြင်းကြောင့် ကျန်းမာသန်စွမ်းကြပေသည်။


ကိုယ်လက်လှုပ်ရှား၊ လမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ် အဝလွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ ဖြစ်ပွားများပြားနေသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါကို ထိန်းထားပေးနိုင်စွမ်းရှိ၏။ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည်အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ရာ ကျန်းမာစေရန်  လမ်းများများလျှောက်ခြင်းဖြင့်  ကျန်းမာစေ ကြောင်း။     ။






အခြားဆက်စပ်သတင်းများ