နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီဘဏ်မှ ငွေကျပ် ၄ ဘီလီယံခန့် ဓားပြတိုက်သွားသည့် တရားခံများ ၉ နာရီအတွင်း ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၁၅


စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူးဦးစီး၍ ယာဉ်မောင်း ဦးစောနီကိုလတ်တို့နှစ် ဦးသည် Toyota Hiace  ယာဉ်အမှတ်၊ 6J-7941 ဖြင့် လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့်၊  လုံခြုံရေး ချစ်စမ်းမောင် နှင့် ယာဉ်မောင်း မျိုးကျော်သူတို့သုံးဦး သည် Toyota Hiace ယာဉ်အမှတ်၊ 1P-2919 ဖြင့်လည်းကောင်း ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံအား ယာဉ်နှစ်စီးပေါ်သို့ ခွဲဝေ တင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့ သို့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် (၂၅/၅)၊ နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦး၊ ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ (အမျိုးအစားစိစစ်ဆဲ) လက်နက်ငယ် ၂ လက်ကိုင်ဆောင်ထားသူနှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင် ထားသူ ၄ ဦး၊ ပေါင်း ၇ ဦးတို့မှ ယာဉ်နှစ်စီးအား တားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိတ်အမဲဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း ၃ လုံးအား တရားခံများစီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။


အဆိုပါဖြစ်စဉ်အား ဧရာဝတီဘဏ် တာဝန်ရှိသူများက မွန်းလွဲ ၂ နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အသိပေး အကြောင်းကြားခဲ့ရာ တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် အပူတပြင်း စုံစမ်းစစ်ဆေး ခြင်း၊ သဲလွန်စရှာဖွေ ဖော်ထုတ်ခြင်း အား တက်ကြွစွာ အချိန်မဆိုင်းဘဲ ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်သိရသည့် အချိန်မှ ၅ နာရီအတွင်း ဘဏ်ငွေ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ယူနီဖောင်းများအား ပေးအပ်ခဲ့သူ ဆက်စပ်တရားခံ မြင့်မြင့်နိုင်  (ဘ) ဦးလှသိန်းအား ည ၇ နာရီတွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ တိုက်တန်းတွင် ဖမ်းဆီးရမိခဲ့သည်။


တရားခံ မြင့်မြင့်နိုင်၏ ထွက်ဆို ချက်အရ ည ၁၀ နာရီတွင် မဟာစေတီ တိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာ(ဘ) ဦးချစ်ဟန်၏ နေအိမ်တွင် မသင်္ကာဖွယ် အမျိုးသားများ ရောက်ရှိနေကြောင်း ဖော်ထုတ်ရရှိသဖြင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ဥမ္မာနှင့်အတူ ဘဏ်ငွေ လုယက်သူ များဖြစ်သည့် ရန်လင်းထွေး (ဘ) ဦးဇော်ဇော်၊ အောင်ပြည့်ခန့် (ဘ) ဦးသက်နိုင်နှင့် ဘုန်းခန့်ကို (ဘ) ဦးသန်းဌေးတို့အား M-79 ဗုံးပစ် လောင်ချာတစ်လက်၊ ငွေကျပ်သိန်း  ၇၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ စည်သူဖြိုးမှာ တိမ်း ရှောင်လျက်ရှိကြောင်း သိရသည်။


တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၀ နာရီခွဲတွင် ဓားပြတိုက်ဖြစ်စဉ်ပါ လက်နက်/ ခဲယမ်းနှင့် ငွေကြေးများ အား ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ” သီလရှင် ကျောင်းတိုက် တွင် အပ်နှံထားကြောင်း သိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ  ကျောင်းတိုက် တွင် ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မစာရီ တို့နှစ်ဦးအား တွေ့ရှိရပြီး ယင်းတို့ထံ အပ်နှံထားသော AK-47 သေနတ် ၂ လက်၊ ယင်းကျည်အိမ် ၄ ခု၊  ယင်းကျည် ၂၂၀ တောင့်၊  MK-12 သေနတ် ၆ လက်၊ ယင်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်း ၆ စုံ၊ ငွေစက္ကူထည့်ထားသော ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ်အပိုင်း ၂ ပိုင်း၊ ပလတ်စတစ် အနက်ရောင် အထုပ် သေး ၉ ထုပ်တို့အား ဆွမ်းစားဆောင် အတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။  


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်များအရ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မီးရထားအိမ်ရာဝင်းအတွင်း နေအိမ် တစ်လုံးအတွင်း၌ ဆက်စပ်တရားခံများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ဝင်ရောက် ရှာဖွေခဲ့ရာ ဟန်ဝင်းဇော်(ခ) ကုလားကြီး(ဘ)ဦးမောင်မောင်စန်း၊ ချစ်လင်းဇော်(ခ) ဘောလုံး(ဘ) ဦးသိန်းဇော်၊ အောင် ကျော် (ဘ)ဦးသက်ဦးနိုင်နှင့် စည်သူဖြိုး (ဘ) ဦးသန်းဌေးတို့အား ငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပဲခူးမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်း ဟောင်းဘေး၊ ဇိုင်းတောင်ရပ်ကွက် “ကောင်းကြိုက်” ဒံပေါက်ဆိုင်ရှေ့ တွင် ဆက်စပ်တရားခံ ရန်နိုင်(ဘ)ဦးစိုးရွှေအား ထပ်မံဖမ်းဆီးရမိခဲ့သည်။


တရားခံများ၏ ထွက်ဆိုချက်အရ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ” သီလရှင်ကျောင်းတိုက်တွင် လက်နက်/ခဲယမ်းများ သိုဝှက်သိမ်း ဆည်းထားကြောင်း ဖော်ထုတ်ရရှိ သဖြင့် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ထပ်မံစစ်ဆေးရှာဖွေမှုများ ပြုလုပ် ခဲ့ရာ ဆွမ်းစားဆောင်အတွင်း လျှို့ဝှက် သိမ်းဆည်းထားသည့် Remington Model 700 အမျိုးအစား ပြောင်းချော သေနတ် (၁)လက်နှင့် ငွေကျပ် (၅၅၀)သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။


အဆိုပါ ဘဏ်ငွေဓားပြတိုက်မှု ဖြစ်စဉ်တွင် စက်တင်ဘာ ၁၃ ရက့် ည ဖမ်းဆီးရမိတရားခံများအပါအဝင် တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၂ ဦး၊ M-79 ဗုံးပစ်လောင်ချာတစ်လက်၊ AK-47 သေနတ်(၂)လက်၊ ၎င်းကျည်အိမ် (၄)ခု၊ ၎င်းကျည်  ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ၎င်းကျည်အိမ်မျိုးစုံ ၁၂ ခု၊ Remington model 700 အမျိုးအစား ပြောင်းချော သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့် ဓားပြတိုက်ရာတွင် ယူဆောင်သွားခဲ့သော ငွေများမှ စုစုပေါင်းငွေကျပ်သိန်း ၃၉,၄၁၀ ကျပ် အား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။                                 ဆွေဦး






အခြားဆက်စပ်သတင်းများ