ရန်ကုန်၊ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ စက်တင်ဘာ ၉ ရက် ညက ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်းတွင် ရပ်ထားသော တွဲကားကို အိမ်စီးကားမှ ဝင်ရောက်တိုက်မိရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်) ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင် များက လူနာတင်ယာဉ်ကားဖြင့် အချိန်နှင့်တပြေးညီ ဖြစ်ပွားသည့် နေရာသို့သွားရောက်၍ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကို ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ၂၄ နာရီ လူနာတင်ယာဉ်ကား ၃ စီးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)