နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအမွေ ထိန်းသိမ်း

မြန်မာနိုင်ငံသည် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံရှေးဟောင်းဒေသသည် ကမ္ဘာသိဒေသတစ်ခုဖြစ်သည်။ မြန်မာ တို့သည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ်စသည့် ခေတ်အသီးသီးကို ဖြတ်သန်းခဲ့ပြီး အေဒီ ၁၀၄၄ တွင် အနော်ရထာ မင်းသည် ပထမ မြန်မာနိုင်ငံတော်ကို ပုဂံဒေသတွင် စတင် တည်ထောင်ခဲ့သည်။


ပုဂံဒေသသည် စေတီ၊ ပုထိုး၊ ဂူဘုရားပေါင်း အမြောက်အမြား တည်ထားကိုးကွယ်ရာ တန်ဖိုးကြီးမားသည့် ရှေးဟောင်း အမွေအနှစ်များပင် ဖြစ်သည်။ မြန်မာလူမျိုးတို့ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ စက်တင်ဘာ ၉ ရက်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပြီးစီးမှုများ ဟိုတယ်တည်ဆောက်မှုနှင့် ကျူးကျော် နေအိမ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ညောင်ဦးမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ကျရောက်၍ မြို့ပြဧရိယာနှင့် ဆက်စပ်လျက်ရှိသည့် သံတောင်ကုန်းနေရာသည် ကျောက်ခေတ်ဦး လူသားများနေထိုင်ခဲ့သည့် အထောက်အထား များတွေ့ရှိသော နေရာဖြစ်သည့်အပြင် ၂၀၁၉ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသတွင် ပါဝင်နေသဖြင့် ဇုန်စည်းကမ်းသတ်မှတ်ချက်များအရ အဆောက်အအုံဆောက်လုပ် ခွင့်မရှိသည့် နေရာများဖြစ်၍ အဆောက်အအုံများ ဆောက်လုပ်မှု မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဂူဥမင်ဘုရားသည် (၁၂) ရာစုတွင် နရပတိစည်သူမင်းက သဲကျောက်ဖြင့်တည်ထားခဲ့၍ ပုဂံဒေသရှိ အနုလက်ရာ၊ ဗိသုကာလက်ရာများ ထူးခြားသည့်ဘုရား တစ်ဆူဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ ပညာရှင်များနှင့်ပေါင်းစပ်၍ နည်းပညာများရယူကာ ထိန်းသိမ်းဆောင်ရွက်ရန် ထည့်သွင်း ပြောကြားခဲ့သည်။


မြင်းကပါဂူပြောက်ကြီးဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီ များ၊ ကိုရီးယားနိုင်ငံမှ ပညာရှင်များနှင့် ဌာနမှဝန်ထမ်းများ ပူးပေါင်း၍ အဆောက်အအုံပိုင်းနှင့် နံရံပန်းချီများ ထိန်းသိမ်း ဆောင်ရွက်ခဲ့သည့် ဘုရားသုံးဆူနှင့် သံပျင်စွာဘုရားတို့ကို ကြည့်ရှု စစ်ဆေးပြီး မူလပုံစံမပျက် ပြန်လည်ပြုပြင်ရန်၊ ဝန်ထမ်းများအနေ ဖြင့် ပညာရပ်များကို နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူ ရန် လိုအပ်သည်။


နံရံပန်းချီများကို ရေရှည်တည်တံ့စေရန် လက်ဆင့်ကမ်း         ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသူတို့၏  ဆောင်ရွက်ခဲ့မှုများကို ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ရပေသည်။ နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်ထွန်းကားလာခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း အမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံများကို ရေရှည်တည်တံ့ ရန် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ