နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ငွေတိုးပွားရေး တိုးချဲ့စိုက်ပျိုး

တောင်သူလယ်သမားတို့၏ စီးပွားရေးဘဝရှင်သန်ရပ်တည်မှု သည် ရှေးယခင်ခေတ်များနှင့်မတူ တိုးတက်ကောင်းမွန်လာ၏။ မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးသည့် နိုင်ငံဖြစ်၏။ မိုးစပါးတစ်သီးစားမှ နွေစပါးကို ကျယ်ပြန့်စွာစိုက်ပျိုးလာ၏။


ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်းသည့် နေရာများတွင် စိုက်ပျိုးရေးနည်းပညာဖြန့်ဖြူးပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။


ယခုအခါ တောင်သူလယ်သမားတို့၏ဘဝသည် ပို၍ ကောင်းမွန်သော အလှည့်အပြောင်းကို ကူးပြောင်းရောက်ရှိလာပြီ ဖြစ်သည်။ မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာကဏ္ဍကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည်။ တောင်သူများ လက်တွေ့ အကောင်အထည်ဖော်ပြီး အကျိုးကျေးဇူးများရရှိရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ် များ၊ တောင်သူများ၏ တစ်ပိုင်တနိုင် အလေ့အထအဆင့်မှ ဈေးကွက်ဝင်သီးနှံအမယ်များ စိုက်ပျိုးပြီး ဈေးကွက်အရောက် တင်ပို့ရောင်းချသည့်အဆင့်အထိ ပြောင်းလဲဖော်ဆောင်ရပေမည်။


ပြည်တွင်းစားသုံးသူများ သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ် သော စားသုံးဆီ စားသုံးနိုင်ရန်နှင့် ဖူလုံရန်၊ ပြည်ပ ပို့ကုန်တိုးမြှင့် ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတန်ဖိုး ကွင်းဆက် တစ်လျှောက်ရှိ တွေ့ကြုံနေရသည့်အခက်အခဲများအား ဝိုင်းဝန်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်က မြန်မာနိုင်ငံ ၏ စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗုဒ္ဓဟူးစကားဝိုင်း အစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ထည့်သွင်းပြောကြား ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့် လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်ရန်လိုအပ်သော သွင်းအားစုများ၊ စိုက်ပျိုးစရိတ်ရရှိရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စက်ကိရိယာများ တိုးချဲ့ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်မှု၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ကန်ထရိုက်လယ်ယာစနစ်တွင် ပါဝင်ဆောင်ရွက်ရေး အားပေး ကူညီသကဲ့သို့၊ မြေပဲ၊ နှမ်းအပြင် အလားအလာကောင်းသော ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို ရေမြေ၊ ရာသီဥတုများ အပေါ်မူတည်၍ ဒေသအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။


ပြည်တွင်းစားသုံးမှုပိုလျှံသော သီးနှံအမယ်များကို ပြည်ပ     ဈေးကွက်လိုအပ်ချက် အရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက်၊ အချိန်ကိုက်စိုက်ပျိုးထုတ်လုပ်သော စိုက်ကွင်းများ စံနမူနာပြ အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မိသားစု ဝင်ငွေတိုးပွားရေး ရာသီ သီးနှံများကို တစ်နှစ်ပတ်လုံး ကြိုးပမ်း စိုက်ပျိုးကြစေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ