ရန်ကုန်၊ စက်တင်ဘာ ၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက်၊ ညနေ ၆ နာရီ ၃၅ မိနစ်တွင် မောင်တောမြို့နယ် (၄)မိုင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် မောင်လှသိန်းနှင့် မနုနု(ခ)ချေချေ တို့ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၇၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မိုင်းဆတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်အနီး၌ အမျိုးသား တစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်ကိုလှဲချ၍ တောအတွင်းသို့ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ် ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၇ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ် မူဆယ်- မန္တလေးသွား ကားလမ်း မိုင်တိုင် အမှတ် (၇၉/၁)အနီးတွင် အိုက်အွမ် မောင်းနှင်ပြီး မအေးရွှေလူ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ် ကျောက်ကူပြင် ကျေးရွာအုပ်စုအနီးတွင် ကိုကိုလတ်(ခ) ကိုလတ် မောင်းနှင်လာသည့်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၄၆ ဒသမ ၅ ကီလိုကိုလည်းကောင်းသိမ်းဆည်းမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး