ရန်ကုန်၊ ဩဂုတ် ၃၀
တောင်ဥက္ကလာပမြို့နယ်အတွင်း ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ် ခန့်က (၄) ရပ်ကွက် ၊ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ INNO City အဆောက်အအုံအနီး ယာဉ်ထိန်းရုံဘေး CCTV BOX အနီးတွင်လည်းကောင်း၊ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က (၈) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်၊ ဗဟိုစျေးမီးပွိုင့် ယာဉ်ထိန်းရုံဘေး CCTV Box အနီးတွင်လည်းကောင်း ပေါက်ကွဲမှု များဖြစ်ပွားသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးရာ INNO City အဆောက်အအုံအနီး ယာဉ်ထိန်းရုံးဘေး ပေါက်ကွဲမှုဖြစ်ပွားသည့် CCTV BOX ပုံးခွံသံပြား လွင့်စဉ်ပျက်စီးပြီး 777 တံဆိပ်ပါ 9V ဘက်ထရီအပိုင်းအစနှစ်ခု၊ Keypad ဖုန်းအပိုင်းအစ တစ်ခု၊ အနက်ရောင်တိပ်ပတ်ထားသည့် အချင်းနှစ်လက်မ၊ အရှည် လေးလက်မခန့်ရှိ PVC အပိုင်းအစတစ်ခုအားလည်းကောင်း၊ ဗဟိုစျေးမီးပွိုင့်ယာဉ်ထိန်းရုံးဘေး ပေါက်ကွဲမှု ဖြစ်ပွားသည့်CCTV Box ပုံခွံသံပြားလွင့်စဉ်ပျက်စီးပြီး အလျားနှစ်လက်မ ၊အနံ တစ်လက်မ ခွဲခန့်ရှိ အပြာရောင် Keypad ဖုန်းဓာတ်ခဲအပိုင်းအစတစ်ခု၊ အလျား ၃ လက်မ အနံ နှစ်လက်မခန့်ရှိ Keypad ဖုန်းဆားကစ်ပြားတစ်ခုနှင့် 777 တံဆိပ်ပါ 9V ဘက်ထရီ အပိုင်းအစတစ်ခုအားလည်းကောင်း တွေ့ရှိကြောင်း ၊ပေါက်ကွဲမှုများကြောင့် လူတိရစ္ဆာန်ထိခိုက်မှု မရှိ ကြောင်းနှင့် ဖောက်ခွဲဖျက်ဆီး သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမြင့်မောင်