လူသားတို့၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး၊ အခြေခံလိုအပ်ချက်များအနက် နေ့စဉ် အဓိကလိုအပ်ချက်မှာ စားရေရိက္ခာ၊ စားရေးလိုအပ်ချက်ဖြစ်သည်။ နေ့စဉ်တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံ ရေးမှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်။ စားနပ်ရိက္ခာ ပြည့်စုံစွာစားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည်မှာ တောင်သူ လယ်သမားဦးကြီးများပင် ဖြစ်သည်။
တောင်သူလယ်သမားဦးကြီးတို့နှင့်တွဲဖက်၍ ရုန်းကန် လုပ်ဆောင်ရသော လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ၊ နွားများ၏ စွမ်းဆောင်ချက်ကလည်း အရေးပါလှပေသည်။ ခွာနာ၊ လျှာနာ ရောဂါသည် ခွာကွဲတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ် ကြောင့်ဖြစ်ပွားကာ ယခုကဲ့သို့ရာသီအကူးအပြောင်းနှင့် စိုစွတ် သော ကာလများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကျွဲ၊ နွားများ ကူးစက်ရောဂါကာကွယ်ဆေး ထောင့်သန်းရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ် ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိသည်။ ပေါင်ပုပ်၊ လက်ပုပ်ရောဂါ အရပ်အခေါ် ခြေပုပ်၊ လက်ပုပ်၊ အသားပုပ်ရောဂါဖြစ်စေသောပိုး ဗက်တီးရီးယားပိုးသည် ပြင်းထန် ပြီး ကူးစက်မြန်သောရောဂါဖြစ်သည်။
ဖြစ်ပွားနိုင်သော တိရစ္ဆာန်များမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်နှင့် နွားငယ်များတွင် ဖြစ်ပွားနိုင်သည်။ ၁ လသား နွားငယ်များတွင် ရံဖန်ရံခါဖြစ်ပွားနိုင်ပြီး၊ အသက် ၆ လမှ ၂ နှစ်ကြား နွားငယ် များတွင် ဖြစ်ပွားနိုင်သည်။ လက္ခဏာများမှာ အပြင်းဖျားခြင်း၊ အစားပျက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှုမြန်ခြင်း၊ စားမြှုပ် မပြန်ခြင်း၊ ခြေထောက်နာခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ အသား များသော ပေါင်၊ တင်ပါး၊ လက်ပြင်၊ ရင်အုပ်လည်ပင်းတို့တွင် ရောင်ရမ်းခြင်း၊ ရောင်ရမ်းသောနေရာကို ဖိကြည့်ပါက လေပူပေါင်း သံကြားရခြင်း၊ စွဲကြည့်ပါက အသားပုပ်ခြင်း၊ ဆိုးရွားသော အနံ့ နံခြင်း၊ သွေးပုပ်များထွက်ခြင်း၊ ပြင်းထန်ပါက လက္ခဏာမပြဘဲ သေဆုံးခြင်းတို့ဖြစ်သည်။
ယင်းရောဂါသည် လူသို့ကူးစက်ခြင်းမရှိပါ။ ရောဂါဖြစ်သော တိရစ္ဆာန်အား သီးခြားထားပါ။ ရောဂါဖြစ်သော တိရစ္ဆာန်ကို မြေမြှုပ်ပါ။ ဖြစ်ပွားနေရာနှင့် ပတ်ဝန်းကျင်အား မွေးမြူရေးသုံး ပိုးသတ်ဆေးဖျန်းခြင်း၊ ထုံးဖြူးခြင်းပြုလုပ်ရန် ရောဂါဖြစ်ပွားသော တိရစ္ဆာန်များတွေ့ရှိပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များသို့ ဆောလျင်စွာသတင်းပေးပို့ ပူးပေါင်းဆောင်ရွက် စေချင်ကြောင်း။ ။