ရန်ကုန်၊ ဩဂုတ် ၂၆
ဩဂုတ် ၂၄ ရက်၊ ည ၁၁ နာရီခွဲ အချိန်တွင် ကလေးမြို့၊ အောင်သစ္စာ ရပ်ကွက်နေ ဦးကံမြင့်(၄၅)နှစ်၊ (ဘ) ဦးဝင်းမောင်သည် မိသားစုနှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ်ရှေ့ ခြံဝင်းတံခါးအပြင်ဘက်မှ အကြမ်းဖက် သူ အမျိုးသား ၇ ဦးက ခြံဝင်းတံခါးကို ဖွင့်ပေးရန် အော်ဟစ်နေသဖြင့် ဦးကံမြင့် နှင့် ယင်း၏သားဖြစ်သူ မောင်အောင် ချမ်းငြိမ်းတို့နှစ်ဦးက သွားရောက်ကြည့် ရှုချိန်တွင် အဆိုပါအမျိုးသား ၇ ဦး အနက် အကြမ်းဖက်သူ အမျိုးသား ၃ ဦးမှာ တူမီးသေနတ်များ ကိုယ်စီဖြင့် ခြံဝင်းတံခါးအား ကျော်တက်ဝင်ရောက် လာကာ နေအိမ်တံခါးကို ထပ်မံဖျက်ဆီး နေသည်ကို တွေ့မြင်ရသဖြင့် ဦးကံမြင့် သည် ၎င်း၏သားဖြစ်သူ မောင်အောင် ချမ်းငြိမ်းအား ခေါ်ဆောင်ကာ အသက် အန္တရာယ်ကို စိုးရိမ်ရသဖြင့် နေအိမ် အတွင်း အိပ်ပျော်နေသည့် ကျန်မိသားစု ဝင်များကို နှိုးယူနိုင်ခြင်းမရှိဘဲ နေအိမ် အနောက်ဘက် ဘေးလွတ်ရာသို့ ထွက် ပြေးခဲ့ရသည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်း သူများသည် နေအိမ်တံခါးကို ဖျက်ဆီး ၍ အိမ်အတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့ခန်း၌ အိပ်ပျော်နေသည့် ဦးကံမြင့်၏ သားဖြစ်သူ မောင်ကျော် ခိုင်ဝင်း (၁၈)နှစ်နှင့် နေအိမ်အိပ်ခန်း အတွင်း အိပ်ပျော်နေသည့် ဦးကံမြင့်၏ ဇနီးဖြစ်သူ ဒေါ်မြမြသန်း (၄၅)နှစ်တို့ ကို ၎င်းတို့ထံတွင် အသင့်ယူဆောင် လာသော ဓားများဖြင့်ထိုးကာအော်ဟစ် ပြောဆို ခြိမ်းခြောက်ပြီး ဒေါ်မြမြသန်း ဝတ်ဆင်ထားသည့် ရွှေလက်ကောက် ၅ ကွင်းကို အဓမ္မဆွဲချွတ်လုယက်ယူ ဆောင်ကာ နေအိမ်မှ ပြန်လည်ထွက်ခွာ သွားခဲ့သည်။
ဆွေဦး