ရန်ကုန်၊ ဩဂုတ် ၂၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၄ ရက်၊ နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် အိမ်အမှတ် (၂၄၈) နေ မဆိုင်းနန် (ခ) အားပျော့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်စတိုခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက် စွမ်စော်(၁)လမ်း၌ လှမြင့် (ခ)ရန်ချောင်မြင့် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့ သည် မူဆယ်မြို့နယ် မူဆယ်- နမ့်ခမ်းသွား ကားလမ်း နောင်မိုကျေးရွာအနီး၌ မကျန်းဖြေမောင်းနှင်လာသည့် ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀၀၀ ကိုလည်းကောင်း၊ ဩဂုတ် ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်ပူးပေါင်း အဖွဲ့သည် ပင်လောင်းမြို့နယ် ပင်လောင်းနေပြည်တော်သွား ကားလမ်းလိန်းလီ ကြိုးတံတားအနီး၌ မျိုးမင်းဦး မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး