ရန်ကုန်မြို့တော်တွင် လူဦးရေတိုးတက်များပြားလာမှု၊ ယာဉ်စီးရေတိုးတက်များပြားလာမှု၊ တစ်နိုင်ငံလုံးမှ ကုန်စည်များ စုစည်းရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားများဆုံစည်းရာဖြစ်ခြင်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့တော် ဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများတွင် မော်တော်ယာဉ် လွယ်လင့်တကူ မောင်းနှင်နိုင်ရန် လမ်းများတိုးချဲ့ခြင်း၊ လူသွား စင်္ကြံများ ပြုပြင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးခဲ့သည်။
ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းရေးအတွက် တာဝန်ရှိသူ များကလည်း နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေသည်။ ယာဉ်မရပ်ရလမ်းများ တိုးချဲ့သတ်မှတ်ခြင်း၊ ဘတ်စ်ကားရပ်ရန် နေရာ၊ တက္ကစီရပ်ရန်နေရာများ စနစ်တကျသတ်မှတ်ဆောင်ရွက် ထားသည်။ သို့သော်လည်း ယာဉ်မောင်းနှင်သူများ၏ စည်းကမ်း တကျ မောင်းနှင်မှု၊ လိုက်နာဆောင်ရွက်မှု အားနည်းလျက်ရှိသည်။
ဘတ်စ်ကား၊ တက္ကစီယာဉ်ရပ်ရန်နေရာများ စနစ်တကျ သတ်မှတ်ပြုလုပ်ထားပေးသော်လည်း တက္ကစီများက ဘတ်စ်ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသည့်အခါ ဘတ်စ်ကားများက လမ်းမများပေါ်တွင် ရပ်၊ တင်၊ ချ၊ ထွက် ပြုလုပ်ရသည့်အတွက် လမ်းကြောပိတ်ဆို့မှု ဖြစ်ပေါ်ရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သော မော်တော်ယာဉ်များရှိသလို စည်းကမ်းမဲ့မောင်းနှင်သူများ များပြား လာလျက်ရှိသည်။ ပြည်သူအားလုံး စည်းကမ်းရှိမှသာ ရန်ကုန် မြို့တော်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းပြည့်ဝစေရေး ပူးပေါင်းပါဝင် ရန် လိုအပ်သည်။
ရန်ကုန်မြို့တော်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် မွမ်းမံနေချိန်တွင် လူသွားစင်္ကြံနှင့် လမ်းများပေါ်တွင် အကျည်းတန် အရုပ်မဆိုးအောင် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် စေချင်ကြောင်း။ ။