မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲ ဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလအခြေအနေနှင့် ကိုက်ညီသော လယ်ယာကဏ္ဍပြုပြုင်ပြောင်းလဲရေး လုပ်ငန်းများ ကို ဖော်ဆောင်လျက်ရှိသည်။
စပါးစိုက်ပျိုးရာသီတွင် မြေယာထွန်ယက်ပြုပြင်ရာ၌ လယ်ယာ လုပ်ငန်းခွင်သုံးစက်များကို အသုံးပြုမှုပိုမိုများပြားလာသည်။ မြို့နယ်အနှံ့တွင် တွေ့မြင်လာရသည်။ စပါးများ အချိန်မီစိုက်ပျိုးနိုင် ရန် နွားထွန်စရိတ်ကြီးမြင့်ခြင်း၊ အချိန်စောင့်ဆိုင်းရခြင်းတို့ကြောင့် စက်ကို ယခင်ကာလများကထက် ပိုမိုသုံးစွဲလာကြသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် မူလက ဓားမဦးချ၊ မိရိုးဖလာ စိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်လာကြရာ အကြောင်းအမျိုးမျိုး သော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေးနည်းစနစ်များ ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှုနှေးကွေးပေသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် မြေယာပြုပြင်နိုင်မှုသည် အဓိကလိုအပ်ချက်ဖြစ်ပေသည်။ လယ်ယာဦးကြီးတို့ နွားသုံးရှဉ်း ဖြင့် တစ်နေကုန်ထယ်ထိုးထွန်ယက်ပါက တစ်ဧကသာ ထယ်ကျွတ် နိုင်ပေရာ အချိန်ကုန်လူပန်းရသည့်အခြေအနေကို ဖြတ်သန်းရပေ သည်။ ယင်းအခက်အခဲများကို ကျော်လွှားရာတွင် စက်အင်အား၊ ဓနအင်အားများ ပါဝင်လာပေသည်။ စွမ်းရည်မြင့်လယ်ယာသုံး ထွန်စက်များကို သုံးစွဲခြင်းဖြင့် တမန်းနက်ခြင်း၊ တမန်းညီခြင်း၊ တမန်းညက်ခြင်းများ၊ စပါးရှင်သန်မှုအားသာချက်အဖြစ် အထောက်အပံ့ရရှိစေပေသည်။
ယခုအခါ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး အတွက် မြေယာထွန်ယက်ပြုပြင်ရာတွင် စက်ကိရိယာကို ပိုမို သုံးစွဲလာကြသည့်အတွက် ယခင်ကာလများကထက် စက်ကိရိယာ များ ထူထောင်လာကြသည်။ လယ်ယာကဏ္ဍတွင် စတင်စိုက်ပျိုး သည်မှ ရိတ်သိမ်းခြွေလှေ့ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များအထိ စက်ကိရိယာများကို အသုံးပြုလုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ အဆိုပါစက်ကိရိယာများနှင့် ပတ်သက်သည့် စီမံခန့်ခွဲခြင်း၊ တီထွင်ဆန်းသစ်ခြင်း၊ လက်တွေ့အသုံးချ သုတေသနဆောင်ရွက် ခြင်းလုပ်ငန်းများအတွက် လိုအပ်လာလျက်ရှိသည့် စိုက်ပျိုးရေး အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းများ ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာသုံး စက်ကိရိယာများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာခြင်း ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အကြီးစားလယ်ယာမြေများ ပေါ်ထွန်းလာရေးအတွက် အထောက်အပံ့ဖြစ်ပေါ်လာမည်ဟု ဆိုချင်ပါကြောင်း။ ။