ယနေ့ကာလ၌ ရပ်ရွာများတွင် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များ ပိုမိုလုပ်ဆောင်လာကြသည်ကို တွေ့ရပေသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရပ်သူရွာသားများ ချစ်ခင်ရင်းနှီးမှု၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးပွားစေပါသည်။ မိမိရပ်ရွာတွင် အသင်း အပင်းဖွဲ့ကာ ကောင်းသောအပြုအမူများကို ပြုကြသည်မှာ အကျိုး ကျေးဇူးများလှပေသည်။ ထိုကောင်းမြတ်သောအကျင့်များကို အများသူဌါအနေဖြင့် အတုယူသင့်သည်။
တစ်ဦးနှင့်တစ်ဦးအချင်းချင်းကြား ရိုင်းပင်းကူညီ၊ ဖေးဖေး မမနှင့်နွေးထွေးမှုပေးတတ်ခြင်းသည် လူမှုနယ်ပယ်၏ လူသား ပီသမှုလက္ခဏာတစ်ခုဖြစ်ပေသည်။ ဤအမူအကျင့်ကောင်းမျိုး လူတိုင်းမှာမရှိပါ။ မိမိတို့နိုင်ငံတွင်လည်း လူတစ်ဦးလူတစ်စုမှ သည် အဖွဲ့အစည်းတစ်ခုစသဖြင့် တူရာတူရာစုစည်းကာ ကူညီ ပံ့ပိုး၍ လောကအကျိုးသယ်ပိုးနေကြသူများ အဖွဲ့အစည်းများ အများအပြားရှိနေသည်။
နာရေး၊ သာရေး၊ လူမှုရေးလုပ်ငန်းများ မေတ္တာကိုအခြေခံ သည့်ဘာသာတရားအဆုံးအမအောက်မှ မြန်မာ့လူ့အဖွဲ့အစည်း ၏ ရိုင်းပင်းကူညီမှုစိတ်ဓာတ်ကောင်းများပင်ဖြစ်သည်။ မြန်မာတို့ ၏ ရပ်သူရွာသားဘဝများကို လူတိုင်းခံစား၊ စံစားနိုင်ရေးအတွက် မသိနားမလည်သူ၊ အသိလွဲမှားသူတို့ကို အကျင့်မှန်၊ အယူမှန်၊ အသိမှန်၊ သမ္မဒိဋ္ဌိများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သင့်ပေသည်။
မေတ္တာတရားကိုအခြေပြု၍ မေတ္တာပွားမည့်သူများသည် ဖြောင့်မတ်ရမည်။ ပညာရှိတို့ဆိုဆုံးမလွယ်ရမည်။ နူးညံ့သိမ်မွေ့ ရမည်။ မာန်မာနကင်းရမည်။ ရောင့်ရဲလွယ်ရမည်။ ပေါ့ပါးသူဖြစ် ရမည်။ ငြိမ်သက်သောအိန္ဒြေရှိရမည်ဟု မှတ်သားမိသည်။
လူတစ်ယောက်နှင့်တစ်ယောက် လိမ်ညာလှည့်ဖြားစဉ်းလဲ လှည့်ပတ်မှုမပြုကြပါစေနှင့်။ လူတစ်ယောက်နှင့် တစ်ယောက် နှိမ့်ချဖိနှိပ်သောစကား မထီမဲ့မြင်မပြုကြပါစေနှင့်။ လူတစ်ယောက် နှင့် တစ်ယောက်ဒုက္ခဆင်းရဲရောက်ရမည်အဖြစ်ကို အလိုမရှိကြ စေရန် မေတ္တာစိတ်ပွားရမည်ဖြစ်သည်။
ရပ်ရွာအတွင်း သာရေး၊ နာရေး ရာသီပွဲများတွင် အမှုကိစ္စ အဝဝကို စုပေါင်းညီညာပါဝင်လုပ်ဆောင်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာတို့၏ပင်ကိုစိတ်ရင်းဓလေ့ စရိုက်ပင်ဖြစ်သည်။ ယနေ့အချိန်အခါတွင် လောဘ၊ ဒေါသ၊ မောဟ ဟူသော မီးတို့ကြောင့် ပေါ်ပေါက်လာသည့်ကပ်ဘေးတို့ နှင့်ကြုံတွေ့နေရသည်။ ရပ်ရွာဒေသများတွင် လောကဓမ္မနှစ်ဌာန အကျိုးရှိသော ဘာသာ၊ သာသနာ၊ ရပ်ရွာအကျိုးကို လူတိုင်း ကိုယ်စီက မေတ္တာဓာတ်ကို ကျင့်သုံးကာ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်စေချင်ကြောင်း ။ ။