ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးသူတစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းကို ရှောင်တိမ်းရန် တိုက် ၂ လွှာမှ ခုန်ချထွက်ပြေးစဉ် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့မရဲစခန်း တွင် ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေပုဒ်မဖြင့်ဖမ်းဆီး စစ်ဆေးလျက်ရှိသည့် နေလင်းထွန်း၏ ဝန်ခံထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင် ရာတွင်အသုံးပြုသည့် ဖောက်ခွဲရေး ပစ္စည်းများကို အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်၊ အထက်မင်္ဂလာလမ်း၊ အမှတ် ၁၆၃ နေလင်းလင်းထွန်း (ခ) ဘိုဖြူ ၂၀ နှစ်၊ (ဘ) ဦးထွေးအောင်မှ ပြုလုပ်ပေးခြင်းဖြစ်ပြီး လင်းလင်းထွန်း မှာ ရွှေပြည်သာ မြို့နယ်၊ အမှတ်(ဒ/၁၇)ရပ်ကွက်၊ ဓမ္မသုခ ၆ လမ်းရှိ “တော်ဝင်ပိတောက်” အဆောင်တွင် တိမ်းရှောင် ပုန်းအောင်းနေထိုင် ကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် သြဂုတ် ၁၉ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် “တော်ဝင်ပိတောက်” အဆောင်သို့ သွားရောက်ရှာဖွေခဲ့ရာ လင်းလင်းထွန်းမှာ အဆောင်၏ ၂ လွှာ၊ ညာဘက်အခန်း၌ နေထိုင်ကြောင်းနှင့် အဆိုပါ အခန်းအတွင်း ဝင်ရောက်စဉ် လင်းလင်းထွန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းမခံဘဲ အခန်း၏ အနောက်ဘက်သို့ ပြေးထွက်သွားပြီး ပြတင်းတံခါးမှ ခုန်ချခဲ့ရာ အဆောင် အောက်ရှိ ကွန်ကရစ်ပေါ်သို့ ပက်လက် ပြုတ်ကျခဲ့သဖြင့် ဦးခေါင်း၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်ကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် လင်းလင်းထွန်း နေထိုင်ခဲ့ သည့် အခန်းအတွင်း ရှာဖွေခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ခြင်းမရှိဘဲ ယင်းနှင့်အတူနေသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ ဆွေဦး