ဂျပန်နိုင်ငံရှိ နာဂါဆာကီတက္ကသိုလ်သည် ဆေးလိပ်သောက်တတ်သည့် ဆရာများ၊ ပါမောက္ခများကို ငှားရမ်းသွားမည်မဟုတ် ကြောင်း မူဝါဒတစ်ခုကို ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားခဲ့သည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ အိုလံပစ်အားကစားပွဲတော်နှင့် မသန်စွမ်း အားကစားပွဲတော်များကို အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်မည်ဖြစ်ရာ ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်များနှင့် ဘားများအပါအဝင် လူစည်ကားရာနေရာများ၌ ဆေးလိပ်သောက် သုံးခြင်းကို တားမြစ်လိုက်ပြီးနောက် နာဂါဆာကီ တက္ကသိုလ်က "ဆေးလိပ်သောက် တတ်သည့် ဆရာများကို အလုပ်မခန့်တော့ပါ" ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ လူသားကျန်းမာရေးအကျိုးပြု ဆေးလိပ်ကင်းစင် စီမံချက်များကို ထိထိရောက်ရောက်ထုတ်ပြန် နိုင်မည်ဆိုပါလျှင် ခံတွင်းကင်ဆာ၊ အဆုတ် ကင်ဆာနှင့် နှလုံးသွေးကြောပိတ်ရောဂါများ ကျဆင်းသွားမည်ဖြစ်ပေသည်။
အမှိုက်မှသည် မှတ်တမ်းဝင်ရတနာ
လေးနှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိသော ကမ္ဘာ့အိုလံပစ်ပွဲတော်များအနက် ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သော ဂျပန်နိုင်ငံအိုလံပစ် ပွဲတော်၏ ထူးခြားသည့် ကိစ္စတစ်ရပ်မှာ စွန့်ပစ် အီလက်ထရွန်းနစ်ပစ္စည်းပေါင်း ၇၈,၉၈၅ တန်ကို သန့်စင်၍ ရရှိလာသောသတ္တုများဖြင့် အိုလံပစ်နှင့် မသန်စွမ်းအားကစားပွဲတော် များအတွက် ဆုတံဆိပ်ပေါင်း ၂,၅၀ဝ ကို ပြုလုပ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စွန့်ပစ်အီလက်ထရွန်းနစ် ရှစ်သောင်း နီးပါးတွင် အသုံးပြုပြီး မိုဘိုင်းဖုန်းများမှ ၆ ဒသမ ၂၁ သန်းခန့် ပါဝင်သည်။ ယင်းဖုန်းများ အပါအဝင် Lap Top ကွန်ပျူတာဟောင်းများ နှင့် စွန့်ပစ်ပစ္စည်းများကို အရည်ကျိုသန့်စင် ပြီးနောက် ရွှေ ၃၀ ဒသမ ၃ ကီလိုဂရမ်၊ ငွေ ကီလိုဂရမ် ၄,၁၀ဝ နှင့် ကြေးကီလိုဂရမ် ၂,၇၀ဝ ကို စုဆောင်းနိုင်ခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံသည် အိုလံပစ်အခမ်းအနား တွင် အသုံးပြုမည့် စကားပြောစင်ငယ်များကို လည်း ပလတ်စတစ်အမှိုက် တန်ချိန်ပေါင်း များစွာကို ပြန်လည်မွမ်းမံ အသုံးပြုနိုင်ရန် ထုတ်လုပ်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသော အီလက်ထရွန်းနစ် အမှိုက် များကို ဂျပန်နိုင်ငံ၏ နမူနာစံပြအဖြစ် ပညာပေး လုပ်ဆောင်မှုသည် အထူးပင်လေးစားဂုဏ်ပြု အပ်သည့်ကိစ္စဖြစ်သည်။ အထူးသဖြင့် အိုလံပစ် အားကစားပွဲတော်တွင် စွန့်ပစ်အီလက်ထရွန်းနစ် ပစ္စည်းများမှ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ပေါင်းများစွာ ပြန်လည်အသုံးချမှုကို အောင်မြင် စွာ အကောင်အထည် ဖော်ပြနိုင်ခဲ့ခြင်းသည် လူတစ်ဦး၏စွန့်ပစ်ပစ္စည်းသည် အခြားလူ တစ်ယောက်အတွက် မြတ်နိုးတန်ဖိုး ထားစရာ မှတ်တမ်းဝင် ရတနာပစ္စည်း ဖြစ်ကြောင်း လက်တွေ့ ထုတ်ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။
နောင်ကျင်းပမည့် ကမ္ဘာ့အဆင့် အားကစား ပွဲတော်များတွင်သာမက ပြည်တွင်းဌာနပေါင်းစုံ ဆိုင်ရာ ဆုချီးမြှင့်ပွဲများတွင်လည်း ထိုသို့သော စံနမူနာကောင်းကို ကမ္ဘာ့နိုင်ငံများက အတုယူ အကောင်အထည်ဖော်နိုင်ကြမည်ဆိုပါလျှင် သက်ရှိအပင်များနှင့် သက်ရှိသတ္တဝါအားလုံးတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အဖိုးမဖြတ်နိုင်သော လုပ်ဆောင်ချက်ဖြစ် ပါမည်။
အစကောင်းမှ အနှောင်းသေချာ
ထို့ပြင် ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံသည် အလွန် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်သည့်အပြင် စည်းကမ်း လည်း အလွန်ကောင်းသည်။ ဂျပန်နိုင်ငံ၏ ပညာရေးစနစ်သည် “ကလေးများမိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေစေရမယ်”ဟု စံညွှန်းဆိုထားသည်။ မှန်ပေသည်။ “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း ကလေးငယ်များအတွက် ကောင်းမွန်မှန်ကန်သော အတုယူစရာနည်းလမ်းလေးများစွာရှိသည်။
• ဂျပန်နိုင်ငံ၏ ကျောင်းအများစုတွင် သန့်ရှင်းရေး ဝန်ထမ်းခန့်အပ်ထားခြင်းမရှိ
ပေ။ အကြောင်းမှာ ကျောင်းမှာကိုယ်ထူ
ကိုယ်ထသန့်ရှင်းရေး လုပ်ရသည့်အတွက်
ကြောင့် ကျောင်းသား၊ ကျောင်းသူများ
မိမိပတ်ဝန်းကျင်မှာလည်း သန့်ရှင်းမှု
လုပ်တတ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး
လေးစားလာစေရန်၊ အစုအဖွဲ့ဖြင့် အလုပ်
တူတူတွဲလုပ်တတ်လာစေရန်စသည့် လူမှု
ပတ်ဝန်းကျင် အကျိုးကျေးဇူးများကိုရရှိစေ
လိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။
• ဂျပန်နိုင်ငံ၌ မျိုးဆက်သစ်လူငယ်များလူမှု
ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်မှု
ရှိစေရန်နှင့် ကျန်းမာသန့်ရှင်းစွာနေထိုင်မှု
ဓလေ့ကောင်းများ မွေးမြူတတ်စေရန်
ရည်ရွယ်ပြီး ဆရာ၊ ဆရာမများနှင့်
ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ
နေ့စဉ် ကျောင်းအိမ်သာ (သန့်စင်ခန်း )
သန့်ရှင်းရေးကို ၁၅ မိနစ် လုပ်ဆောင်ကြ
ရသည်။
• ထိုမျှမက မိမိအတန်းကျောင်း၏ ဖိနပ်စင်
နှင့် စာသင်ခန်းနေရာအားလုံးတို့ကိုလည်း
ကိုယ်ထူကိုယ်ထ သန့်ရှင်းရေးတာဝန်ခွဲဝေ
ယူစေသည်။
• အိမ်မွေးချစ်ခွေးများကို ကျန်းမာရေးအတွက်
လမ်းလျှောက် ထွက်ကျောင်းပေးသည့်အခါ
မှာလည်း လက်ထဲမှာ အိတ်အမြဲဆောင်
ထားလေ့ရှိပြီး၊ ခွေးကစွန့်ချလိုက်သည့်
အညစ်အကြေးများကို ထိုအိတ်ထဲကောက်
ထည့်ကာ မိမိအသိစိတ်ဓာတ်ဖြင့် တာဝန်
ယူ၍ လမ်းသန့်ရှင်းရေး ပြန်လုပ်ပေးရ
သည်။
• ဂျပန်နိုင်ငံတွင် မြူနီစီပယ်လမ်း သန့်ရှင်းရေး
လုပ်သားများကို “ကျန်းမာရေးအင်ဂျင်နီယာ”
ဟု တလေးတစား ခေါ်ဆိုလေ့ရှိကာ၊
ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်မှသာ ယင်း
ရာထူးအတွက် ခန့်အပ်ခံရပြီး၊ လုပ်ငန်း
ကျွမ်းကျင်မှုပေါ် မူတည်၍ လစာဝင်ငွေမှာ
တစ်လလျှင် အမေရိကန် ဒေါ်လာသောင်း
ဂဏန်းခန့်ထိ ရရှိသည်။
• ဂျပန်နိုင်ငံမှာ နှစ်စဉ်ရာပေါင်းများစွာသော
ငလျင်ဒဏ်များကြောင့် မြေပေါ်မြေအောက်
သဘာဝအရင်းအမြစ်များ ပျောက်ဆုံးကုန်
သည်။ သို့သော် ကမ္ဘာ့အလယ်မှာစီးပွားရေး
လုံးဝမနိမ့်ကျသည့်အပြင် သဘာဝဘေးသင့်
အခြားသော နိုင်ငံများကိုပင် လူသားချင်း
စာနာစွာ ထောက်ပံ့ပေးနိုင်ပါသည်။
• အများပြည်သူကို အနှောင့်အယှက်မဖြစ်
ရန် ရည်ရွယ်၍ မီးရထား၊ စားသောက်ဆိုင်
နှင့်လူစုလူဝေးရှိရာ အရပ်တွေမှာ ဟန်းဖုန်း
ပြောဆို အသုံးပြုခွင့်ကို တားမြစ်ထားသည်။
• မူလတန်းကြိုမှစ၍ ခြောက်တန်းအထိ
ကျောင်းသား၊ ကျောင်းသူများကိုအနာဂတ်
ကောင်းမွန်စေရန်အတွက် Ethics (ခေါ်)
အကျင့်စာရိတ္တပိုင်းဆိုင်ရာ အတွေးအခေါ်
ဘာသာရပ်ကို မဖြစ်မနေသင်ကြရသည်။
• ငယ်စဉ်ကတည်းကစ၍ အိမ်မှုကိစ္စဗာဟီရများ
ကို လူကြီးသူမတွေက မျိုးရိုးစဉ်ဆက်တိုင်း
လက်ဆင့်ကမ်း သွန်သင်ပြသထားသဖြင့်
ဂျပန်လူမျိုးတွေ မည်မျှပင် ကြွယ်ဝချမ်းသာ
နေပါစေ၊ အစေခံခေါ်ထားလေ့မရှိကြပေ။
• ကလေးလူငယ်များ မူလတန်းကြိုမှစ၍
မူလတန်းတတိယနှစ်အထိ စာမေးပွဲလုံးဝ
မရှိဘဲ ယင်းသုံးနှစ်တာ စာသင်နှစ်ပတ်လုံး
မှာ အတွေးအခေါ်နှင့် အပြူအမူပိုင်းဆိုင်ရာ
တို့ကို ကောင်းစွာအုတ်မြစ်ချပေးသည့်
ကာလဟုဆိုပါသည်။
• Buffet(ခေါ်) ဘူဖေးစားသောက်ဆိုင် ရောက်
သည့်အခါမှာလည်း ဖြုန်းတီးမှုမဖြစ်ရလေ
အောင် မိမိစားနိုင်ရုံလောက်သာချင့်ချိန်၍ စားမည့် ပန်းကန်ထဲထည့်ယူ
ကြလေ့ရှိကြသည်။ စားကြွင်းစားကျန်
များ ချန်ရစ်ထားခဲ့သူသည် လောဘကြီး
သူအဖြစ် ရှက်ဖွယ်လိလိ သတ်မှတ်ခံရပါ
သည်။
• အချိန်ကို မိနစ်၊ စက္ကန့်အလိုက် တန်ဖိုး
ထားတတ်ကြသူများဖြစ်၍ မီးရထားများ
မှာလည်း နှောင့်နှေးကြန့်ကြာမှုမရှိကြ
ဘဲ၊ အလွန်ဆုံး တစ်နှစ်ကြာ၍ တစ်ကြိမ်
ခန့်မျှသာ မီးရထားဘူတာ ဆိုက်ရောက်
ချိန် နောက်ကျတတ်ပြီး အများဆုံး
ကြန့်ကြာချိန်မှာ ခုနစ်စက္ကန့်ခန့်သာ
ဖြစ်ပါသည်။
• ငယ်စဉ်ကတည်းကစ၍ တစ်ကိုယ်ရေ
သန့်ရှင်းရေး အသိအမြင်ရှိစေရန်အတွက်
ကျောင်းမှာ နေ့လယ်စာ စားပြီးတိုင်း
ကလေးအားလုံး ခံတွင်းကျန်းမာရေး
အတွက် သွားတိုက်ရပါသည်။
• ကျောင်းသားကျောင်းသူများ အစာ
ကျေညက်ပြီး၊ ကျန်းမာရေးကောင်းစေရန်
ထမင်းမြန်မြန်မစားစေဘဲ၊ နာရီဝက်တိတိ
ထမင်းဟင်းများ ကျေညက်နေအောင်
ဝါးစားခိုင်းပါသည်။ သူတို့နိုင်ငံ၏ “အနာဂတ်
ဂျပန်လေးတွေ”ကို တန်ဖိုးထားသည်ဟု
ဆိုပါသည်။
• ကျောင်းတက် ကျောင်းပြန်သည့်အခါမှာ
လည်း မိမိကျောပိုးအိတ်၊ မိမိလက်ဆွဲ
အိတ်များကို မိမိဖာသာသယ်ဆောင်စေ
ပါသည်။ အကယ်၍ လူကြီး၊ မိဘတွေက
၄င်းကျောပိုးအိတ် (သို့မဟုတ်)လက်ဆွဲ
အိတ်များကို သယ်ပို့ပေးသည့် ကျောင်းသား၊
ကျောင်းသူသည် အပျင်းကြီးသူ၊ ကိုယ်ရည်
ကိုယ်သွေး ညံ့ဖျင်းသူ၊ သူတစ်ပါးကိုအားကိုး
သူအဖြစ် ရှုံ့ချခံရပါသည်။
ဂျပန်လူမျိုးများအဘယ့်ကြောင့် အသက်ရာ ကျော်နေနိုင်ကြပါသနည်း? လှို့ဝှက်ချက်မှာ အစားအစာကို တနင့်တပိုးမစားကြဘဲ၊ စည်းစနစ်ဖြင့် ချင့်ချိန်စားတတ်ခြင်းကြောင့် ဖြစ်ပါသည်။ ထမင်းစားနေစဉ်မှာလည်း ရေနွေး ကြမ်းပူပူသောက်လေ့ရှိသော ယင်းလူမျိုးတို့ရဲ့ အလေ့အထသည် အစာမကျေ ရင်ပြည့် ရင်ကယ်ခြင်းကို မဖြစ်စေတော့ဘဲ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကို များစွာ အထောက်အကူပြုသဖြင့် ကမ္ဘာပေါ်တွင် ဂျပန် လူမျိုးများက အသက်ရှည်ရှည် အနေနိုင်ဆုံး လူသားများဖြစ်ကြပါသည်။
အထက်ပါကဲ့သို့ အလေ့အကျင့်ကောင်း များစွာကို ဂျပန်ပြည်သူ တစ်ဦးချင်းစီက လိုက်နာကျင့်ကြံနိုင်ပြီး၊ အခြေခံအုတ်မြစ် ကောင်းခဲ့ခြင်းကြောင့်လည်း ယနေ့ကမ္ဘာ့ အလယ်မှာ ဂျပန်နိုင်ငံသည် အဏုမြူပြာပုံထဲက ရုန်းထွက်သည့် ဖီးနစ်ငှက်ကဲ့သို့ တစ်ဟုန်ထိုး ပျံတက်နေနိုင်ခြင်း ဖြစ်ပေသည်။ သို့ပါ၍ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း သားစဉ် မြေးဆက် ဘဝအခွင့်အလမ်း၊ ကံအခွင့်အလမ်း များ ပွင့်လန်းစေရန်အတွက် အတုယူကောင်း များကို ကျင့်ကြံပြုမူ၍ အကောင်အထည် ဖော်တတ်ကြပါစေကြောင်း လေးစားအတုယူ သင့်သော ဂျပန်လူမျိုးများ၏ ဘဝနေထိုင်မှု အကြောင်း တစေ့တစောင်းကို သုတမျှဝေ ရေးသားလိုက်ရပါသည်။ ။