နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရပြည့်ဝရေး မိခင်နို့ချို တိုက်ကျွေးပေး

မြန်မာနိုင်ငံရှိ ၅၅ သန်းခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေး ငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ 


အနာဂတ်၏သားကောင်းရတနာများသည် ယနေ့ကလေး သူငယ်များသာ ဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရ ဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေးများ အမှန်ဖြစ်လာမည်။ ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များ အောင်မြင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျ သည်။ မိခင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည် ဖြစ်သည်။


သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရ ကင်း၍ အသက်ရှင်သန်နိုင်ခြင်း မရှိပေ။ နို့တိုက်မိခင်များအနေဖြင့် မွေးကင်းစမှ အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုး တည်းကိုသာ တိုက်ကျွေးသင့်ကြောင်း ကလေးဆရာဝန်များက တိုက်တွန်းထားသည်။


မိခင်နို့တွင် ရေဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် ရေနှင့် အခြား မည်သည့်ဖြည့်စွက်စာကိုမျှ တိုက်ကျွေးရန်မလိုဘဲ မိခင်နို့ တစ်မျိုးတည်းသာ အသက်ခြောက်လပြည့်သည်အထိ တိုက်ကျွေး ရမည်ဖြစ်သည်။


သို့သော် အချို့သောမိခင်များက မွေးဖွားပြီး ကလေးများကို နို့မှုန့်၊ နို့ဘူးများသာ တိုက်ကျွေးကြသဖြင့် ကလေးများ ကျန်းမာရေး ချို့တဲ့ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်းတို့ ဖြစ်တတ်ပါသည်။


နို့မှုန့်အချို့တွင် အစာခြေဖျက်နိုင်စွမ်းနည်းသည့် ဓာတ်ပစ္စည်း များ ပါဝင်ခြင်းကြောင့် ကလေးကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ မွေးကင်းစမှ အသက်ခြောက်လပြည့်သည်တိုင်အောင် မိခင်နို့မှ တစ်ပါး၊ အခြားမည်သည့်အရာမျှ တိုက်ကျွေးခြင်းမပြုသင့်ပါ။ အသက် ခြောက်လကျော်မှသာ ကယ်လိုရီနှင့် အာဟာရဓာတ်များ ကျွေးမွေးသင့်ပါသည်။


အသက်ခြောက်လပြည့်သည်နှင့် နို့၊ ကြက်ဥ၊ ငါး၊ အသီးအနှံ များ တဖြည်းဖြည်းတိုက်ကျွေးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့်  ကယ်လိုရီနှင့်  အာဟာရဓာတ်များရရှိလာပြီး ခန္ဓာကိုယ်ကြီးထွားခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်းအစရှိသဖြင့် ဇီဝကမ္မ ဖြစ်စဉ်များ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။


ကလေးမိခင်များအနေဖြင့် အာဟာရဓာတ်စုံလင်စွာ စားသုံး ပေးသင့်ပါသည်။ သို့မှသာ ကလေးအတွက် အာဟာရပြည့်စုံ လုံလောက်စွာရရှိမည် ဖြစ်ပေသည်။ မိခင်နို့သည် ကလေးအတွက် အာဟာရဖြစ်သကဲ့သို့ ဆေးလည်းဖြစ်ပါသည်။ မိခင်နို့သည်သာ ကလေးအတွက် အကောင်းဆုံးဖြစ်ပါသည်။


ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသော မိခင်ဖြစ်လာ စေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာ စားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများကပါ အထူးဂရုပြု ဆောင်ရွက်ပေးရ မည် ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ