ရန်ကုန်၊ ဩဂုတ် ၉
ဩဂုတ် ၈ ရက်၊ နံနက်ပိုင်းတွင် တံငါ တောင်ကျေးရွာနေ အောင်ကိုမင်း (ဘ) ဦးသန်းညွန့် မောင်းနှင်၍ အာကာဖြိုး (ဘ) ဦးလှရွှေလိုက်ပါလာသော ၉ဌ/----- ထော်လာဂျီကို မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာ သုသာန်အနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ စောင့် ဆိုင်း ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် မိုးကာဖြင့်ပတ်၍ သယ်ဆောင်လာသည့် K-22 သေနတ် ၆၀ လက်၊ ၎င်း ကျည် ၁၁၀၀၀ တောင့်၊ ကျည်အိမ် ၁၁၀ ခု၊ အီနာဂါ ဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး ၈၀ လုံး၊ Equipment ၆၀ စုံ၊ သေနတ် လွယ်ကြိုး ၂၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ယင်းသို့ အကြမ်းဖက် တိုက်ခိုက် မှုများတွင် အသုံးပြုလာမည့် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများကို အချိန်မီ ဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သဖြင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်များစွာ ထိခိုက်နိုင်မှုများ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်လုပ်ရပ်များကို အချိန်မီ ကာကွယ်တားဆီးပေးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် များနှင့် အခြားသတင်းဆက်စပ်ဖော် ထုတ်ချက်များအရ အထက်ပါ လက်နက် ခဲယမ်းများကို NLD ပါတီဝင် မင်းမင်း (မန္တလေးတိုင်းဒေသကြီး-၂ လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၏ ချိတ်ဆက် စီမံမှုဖြင့် လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့များထံမှတစ်ဆင့် ဧရာဝတီမြစ် အတွင်း ဥဒိန်ကျေးရွာအနီးမှ ဖြတ်သန်း သယ် ဆောင်၍ စစ်ကိုင်း တိုင်းဒေသကြီး အတွင်းရှိ မြို့/ရွာတစ်ခုကို အကြမ်းဖက် တိုက်ခိုက်ရန် စီမံခဲ့ခြင်းဖြစ်ကြောင်း၊ အထက်ပါ လက်နက်ခဲယမ်းများကို ဗျားကြီး၊ ဒေါင်းလန်း၊ သီဟ အပါအဝင် ၇ ဦးခန့်က သရီးကရောင်းယာဉ်ဖြင့် လာရောက်ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေဦး