မေ ၂၄၊ လန်ဒန်
ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးသမား ၂၀၀ နီးပါးက ဟောင်ကောင်မြို့တွင် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမည့် တရုတ်နိုင်ငံ၏အစီအစဉ်ကို ရှုတ်ချခဲ့ကြသည်။ တရုတ်နိုင်ငံ၏ အစီအစဉ်များမှာ ဟောင်ကောင်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားဥပဒေနှင့် အခြေခံလွတ်လပ်ခွင့်များကို အလုံးစုံတိုက်ခိုက်မှုဖြစ်သည်ဟု ဥရောပ၊ အာရှ၊ မြောက်အမေရိကနှင့် သြစတြေးလျနိုင်ငံများမှ နိုင်ငံရေးသမားများက မှတ်ချက်ပေးခဲ့သည်။
တရုတ်နိုင်ငံမှာ ဟောင်ကောင်မြို့တွင် နိုင်ငံတော်သစ္စာဖောက်မှု၊ ခွဲထွက်မှု၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်မှု၊ အစိုးရပြုတ်ကျစေရန် အားထုတ်မှုများကို တားမြစ်ပိတ်ပင်နိုင်မည့် ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေပြီး ဝေဖန်မှုများကို ပယ်ချခဲ့သည်။ ယခုရက်သတ္တပတ်အစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အဆိုပါအစီအစဉ်များကို ရှုတ်ချခဲ့ပြီး ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များအတွက် ဈာပနကြေးစည်သံဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။
ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါနိုင်ငံများကလည်း အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း ဖော်ပြခဲ့သည်။ မေလ ၂၄ ရက်တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။ ဟောင်ကောင်မြို့ ခေါင်းဆောင်ဟောင်း ခရစ္စတိုဖာပက်တင်နှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရစ်ဖ်ကင်းတို့ မူကြမ်းရေးဆွဲခဲ့သည့် ထုတ်ပြန်ချက်ကို နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ဥပဒေပြုသူများနှင့် နိုင်ငံရေးသမား ၁၈၆ ဦးက လက်မှတ်ရေးထိုးခဲ့သည်။
ဟောင်ကောင်မြို့တွင် တရုတ်အစိုးရအဖွဲ့၏ ထောက်လှမ်းရေးအခြေစိုက်စခန်းများ တည်ထောင်မည့် တရုတ်အစိုးရ၏ အစီအစဉ်မှာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံထံ ပြန်လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref:BBC(KNT)