မန္တလေး၊ ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၏ အရှေ့တောင် ဘက်(၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ ဇူလိုင် ၂၉ ရက်၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၉မိနစ်ခန့်က အင်အားရစ်(စ်)တာစကေး ၆ ဒသမ ၃ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနက ငလျင် လှုပ်ခတ်မှုကြောင့် ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဆည်တော်ကြီး ရေလှောင်တမံ၊ မာလဲ နတ်တောင်ရေလှောင်တမံတို့၏ တမံရှိရေအားအဆောက်အအုံများ ထိခိုက်ပျက်ဆီး မှု ရှိ၊ မရှိကို ဇူလိုင်၂၉ရက်၊ ညနေ ၄ နာရီတွင် ချက်ခြင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာပျက်စီးထိခိုက်မှုမရှိကြောင်း တွေ့ရှိရသည်။
မြို့နယ် ဆည်မြောင်းဝန်ထမ်းများမှလည်း ထူးခြားစွာပြောင်းလဲမှု ရှိ၊ မရှိ ကို ဆက်လက် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံအတွင်းသို့ ရေများဆက်လက်ဝင်ရောက် လျက်ရှိသည်။
ဇူလိုင် ၃၀ ရက်၊ နံနက် ၆ နာရီ အတွင်း ဆည်တော်ကြီးတမံ ကန်တွင်းရေ အမှတ်မှာ (၃၉၇ ဒသမ ၅) ပေသို့ ရောက်ရှိနေသည်။ ကန်တွင်းရေအနက် မှာ ၉၉ ဒသမ ၉ပေဖြစ်ပြီး ရေပမာဏ ၂၂၅၂၁၀ ဧကပေ သိုလှောင်ထားသည်။ ရေအား လျှပ်စစ်စက်ရုံအမှတ်(၁)မှ ၃ ဒသမ ၃ မဂ္ဂါဝပ်နှင့် စက်ရုံအမှတ်(၂)မှ ၆ ဒသမ ၃ မဂ္ဂါဝပ် (၂၄)နာရီလျှပ်စစ်ဓာတ်အား ထုတ်ပေးလျက်ရှိပြီး စိုက်ပျိုးရေးအတွက် မန္တလေးတူးမြောင်း မှ ဆည်ရေ ၈ ဒသမ ၅ ပေနှင့် ရေနံသာ တူးမြောင်းမှ ဆည်ရေ ၆ ပေခန့် မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်များသို့ စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။ ရေပိုလွှဲရေတံခါးများအားလုံးပိတ်ထားကြောင်းသိရသည်။ မောင်ပြည်သူ(မန္တလေး)